မက္ကဆီကိုနိုင်ငံမှာ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို သပိတ်မှောက် ထရပ်ကားယာဉ်မောင်းတွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပိတ်ဆို့လိုက်ကြပါတယ်။
လုယက်မှုနဲ့ ငွေညှစ်မှုတွေ မြင့်တက်နေတဲ့ လမ်းမတွေပေါ်က တရားဥပဒေကင်းမဲ့နေမှုကို ဆန့်ကျင် ဆန္ဒပြဖို့အတွက် အရေးပါတဲ့ အဝေးပြေးလမ်းမကြီးတွေကိုလည်း ပိတ်ဆို့ထားခဲ့ကြ ပါတယ်။
လုံခြုံရေး မြှင့်တင်ပေးဖို့ ယာဉ်မောင်းတွေက အစိုးရကို တိုက်တွန်းခဲ့ကြပြီး ဘေးကင်းလုံခြုံမှု မရှိတာကြောင့် လမ်းတွေပေါ်မှာ တလကို ကုန်တင်ယာဉ်မောင်း အနည်းဆုံး ၁ ဦးနဲ့ ၂ ဦးကြား သေဆုံးနေရတယ်လို့ဆိုပါတယ်။
ဆန္ဒပြမှုတွေကြောင့် အဝေးပြေးလမ်းမကြီး ၉ ခုထက်မနည်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရက မလိုက်လျောရင် သပိတ်မှောက်မှုတွေ ပိုများလာနိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးသမဂ္ဂ ခေါင်းဆောင်တွေက ပြည်တွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ သပိတ်ကို ဦးဆောင်နေတဲ့ ယာဉ်မောင်းများအဖွဲ့ Amotac ဟာ လမ်းတွေပေါ်မှာ ဘေးကင်းစေရေးအပြင် ကုန်စည်တင်ဆောင်ခြင်းအတွက် တချို့အဝေးပြေးလမ်းတွေနဲ့ စည်ပင်သာယာရေး ဖြတ်သန်းခတွေကို အဆုံးသတ်ပေးဖို့တွေကိုလည်း တခြားအစီအမံတွေကြားမှာ တောင်းဆိုထားပါတယ်။
သပိတ်မှောက် ယာဉ်မောင်းတွေ ထူထောင်လုပ်ဆောင်ထားတဲ့ လမ်းပိတ်ဆို့မှုတွေဟာ “အခြေအမြစ်မရှိ၊ တရားမျှတမှုမရှိ” ဘူးလို့ မက္ကဆီကိုအစိုးရက ကြာသပတေးနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေ ရှိနေတဲ့ကြားကပဲ Amotac ကိုယ်စားလှယ်တွေဟာ စေ့စပ်ညှိနှိုင်းမှုတွေကို ရပ်တန့်ဖို့ ဖေဖော်ဝါရီ ၁၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source/Photo-Reuters