စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့ ဇီးဖြူကုန်း ကျေးရွာက ပြည်သူ ၆ ဦး ကျေးရွာအပြင်ဘက် ထွက်ပြေးလာကြတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်မှာ ဇီးဖြူကုန်းကျေးရွာက ထွက်ပြေးလွတ်မြောက်လာသူတွေက မြို့နယ် ပအဖထံ အလင်းဝင်ခိုလှုံခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။
မြို့နယ်ပကဖတာဝန်ရှိသူက “အပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ထွက်လာတယ်၊ သူတို့ဆီက စစ်မေးစရာတွေ စစ်မေးပြီးတော့ လူသားချင်းစာနာမှု အကူအညီတွေပေးတယ်ပေါ့ဗျာ၊ သူတို့နေရေးထိုင်ရေးကတော့ ဇီးဖြူကုန်းက တော်လှန်ရေးအင်အားစုတွေက ဘယ်သူထွက်လာရင် ဘယ်နေရာမှာထားမယ်ဆိုပြီး ကြိုတင်ပြီးစီစဉ်ပေးထားကြတာတွေရှိတယ်” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူ ၆ ဦးဟာ မိသားစု ၂ စုဖြစ်ပြီး ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
အကူအညီပေးနေသူ တဦးက“ပျူရွာထဲမှာတော့ အခက်အခဲတွေက အစုံပေါ့၊ အဓိကကပြည်သူတွေ လွတ်လွတ်လပ်လပ် နေထိုင်လို့ မရတဲ့ ပြသနာပေါ့၊ နှစ်ရှည်လများ ချုပ်နှောင်ခံထားရတော့ သူတို့လူရောစိတ်ရော မွန်းကြပ်လာလို့ ထွက်လာကြတာပါ”လို့ ပြောပါတယ်။
ပုလဲမြို့နယ်ထဲက ဇီးဖြူကုန်းရွာနဲ့ အင်မထီးရွာက စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပျူစောထီးရွာအဖြစ်သတ်မှတ်ခဲ့ပြီးနောက်ပိုင်း အဲဒီရွာ ၂ ရွာက ပြည်သူ ၅၀၀ ကျော်ဟာ ကျေးရွာတွေရဲ့ အပြင်ဘက် ကာကွယ်ရေးအဖွဲ့တွေဆီ ပြောင်းရွှေ့ခိုလှုံခဲ့ကြတယ်လို့ ပုလဲမြို့နယ် ပအဖရဲ့ စာရင်းတွေအရ သိရပါတယ်။