နေတိုးမဟာမိတ်နိုင်ငံများ အုပ်စုတစုဟာ ယူကရိန်းကို ဒရုန်းအသစ် ၁ သန်း ပို့ဆောင်ဖို့ ကတိပြုထားပြီး နေတိုးမဟာမိတ်နိုင်ငံ ၂၀ ကလည်း မိုင်းရှင်းလင်းဖျက်သိမ်းရေး ညွန့်ပေါင်းဖွဲ့ဖို့ သဘောတူညီခဲ့ကြောင်း နေတိုး အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။
ဒါတွေအားလုံးဟာ ယူကရိန်းနိုင်ငံသားတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ ကူညီပေးမှာဖြစ်ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို နေတိုးမဟာမိတ်တွေက တာဝန်ယူပေးတာဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
နေတိုးနဲ့ ယူကရိန်းတို့ဟာ ပိုလန်နိုင်ငံ၊ ဘဒ်ဂေါ့ရှ်မြို့မှာ နေတိုး-ယူကရိန်း ပူးတွဲ ခွဲခြမ်းစိတ်ဖြာမှု၊ လေ့ကျင့်ရေးနဲ့ ပညာရေးစင်တာ အသစ်တခုကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြောင်း စတော့တန်ဘာ့ဂ်က သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းအပေါ် ရုရှားက အလုံးစုံစစ်ပွဲ ဆင်နွှဲနေတာ ၃ နှစ်တာ ကာလထဲကို ဝင်ရောက်လာပြီ ဖြစ်တာကြောင့် အဲဒီစင်တာမှာ ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲတွေကနေ လေ့လာရရှိတဲ့ သင်ခန်းစာတွေကို မျှဝေမှာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို သူတို့ရဲ့ မဟာမိတ်တပ်တွေနဲ့အတူ သင်ယူပြီး လေ့ကျင့်ဖို့ ဖွဲ့စည်းပုံကို ဖန်တီးပေးပါလိမ့်မယ်လို့ မဟာမိတ်ဝန်ကြီးတွေနဲ့ ယူကရိန်း အစည်းအဝေးအပြီးမှာ စတော့တန်ဘာ့ဂ်က ပြောပါတယ်။
အမေရိကန်နဲ့ပတ်သက်ပြီး စတော့တန်ဘာ့ဂ်က မဟာမိတ်အဖွဲ့ကို အရေးကြီးတဲ့ ပံ့ပိုးကူညီမှုကို ဆက်လက်ပေးအပ်ဖို့အတွက် သူတို့အနေနဲ့ အမြန်ဆုံး ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ပြောသွားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ထိပ်တန်းအရာရှိတွေဟာ အလွန်အမင်း အရေးတကြီး လိုအပ်နေတယ်လို့ အိမ်ဖြူတော်က ပြောထားတဲ့ ရုရှားကို ဆန့်ကျင်တဲ့ ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကို တွန်းအားပေးနေပါတယ်။
အဲဒီဥပဒေကြမ်းကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကန့်ကွက်ထားပါတယ်။ နေတိုး ကာကွယ်ရေးဝန်ကြီးတွေဟာ ယူကရိန်းအတွက် အထောက်အပံ့တွေကို ဆွေးနွေးဖို့နဲ့ လာမယ့် ဇူလိုင်လမှာ ပြုလုပ်မယ့် ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
Source/Photo-Reuters