ဂရိလွှတ်တော်မှာ လိင်တူလက်ထပ်ထိမ်းမြားခွင့်၊ လိင်တူစုံတွဲတွေ တရားဝင် ကလေးမွေးစားခွင့်ပြုတဲ့ ဥပဒေကြမ်းကို ထောက်ခံမဲ ၁၇၆ မဲ၊ ကန့်ကွက်မဲ ၇၆ မဲနဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အော်သိုဒေါက် ခရစ်ယာန် လူများစုနေထိုင်တဲ့ နိုင်ငံတွေထဲမှာ ဂရိဟာ ပထမဆုံး လိင်တူလက်ထပ်ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာပါတယ်။
ဝန်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကစ်က ဥပဒေသစ်ဟာ “မညီမျှမှုကို အခိုင်အမာ ပယ်ဖျက်လိုက်နိုင်ပြီ” လို့ ကြွေးကြော်ပါတယ်။
ဒါပေမဲ့ ဩဇာကြီးမားတဲ့ အော်သိုဒေါက် ကျောင်းတော်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး အေသင်မြို့တော်မှာ ဒီဥပဒေကို ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေပါတယ်။
အော်သိုဒေါက် ဂိုဏ်းချုပ်ဘုန်းတော်ကြီး အီရိုနီမော့စ်က ဒီဥပဒေဟာ “အမိမြေရဲ့ လူမှုသဟာဇာတဖြစ်မှုကို ပျက်စီးစေလိမ့်မယ်” လို့ သတိပေးပါတယ်။
ဝန်ကြီးချုပ်ကိုယ်တိုင် ဒီဥပဒေကြမ်းကို ဦးဆောင်တင်သွင်းခဲ့တာ ဖြစ်ပေမဲ့ သူ့ပါတီတွင်းက အမတ်တချို့က ဆန့်ကျင်ကြတာကြောင့် အတိုက်အခံပါတီတွေရဲ့ ထောက်ခံမှုပါ လိုအပ်ခဲ့ပါတယ်။
ဒီဥပဒေ အတည်ပြုနိုင်တာကို ဂရိနိုင်ငံတွင်းက LGBTQ အဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှာ ၁၅ နိုင်ငံက လိင်တူလက်ထပ်မှုကို တရားဝင် ခွင့်ပြုထားပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ၃၅ နိုင်ငံပဲ ရှိပါသေးတယ်။
Source/Photo-Reuters