ဟူစတန်အခြေစိုက် လေကြောင်းအာကာသကုမ္ပဏီ Intuitive Machines က တည်ဆောက်ထားတဲ့ လဆင်းယာဉ် တစီးကို ဖလော်ရီဒါပြည်နယ်၊ ကာနီဗယ်အငူမှာရှိတဲ့ ကနေဒီ အာကာသလွှတ်တင်ရေး စခန်းကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ လွှတ်တင်ခဲ့ပါတယ်။
ခရီးစဉ်သာ အောင်မြင်ခဲ့ရင် ရာစုနှစ်ဝက်ကျော် ကြာမြင့်အပြီးမှာ ပထမဆုံးအကြိမ် အမေရိကန်ရဲ့ လပေါ်ဆင်းသက်မှုအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို ပထမဆုံး ပုဂ္ဂလိကပိုင် အာကာသယာဉ်တစင်း လပေါ်ဆင်းသက်မှုအဖြစ်လည်း သမိုင်းဝင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကလည်း Astrobotic Technology ကုမ္ပဏီက ပုဂ္ဂလိက လဆင်းယာဉ်တစင်း လွှတ်တင်ခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အော်ဒီးစီးယပ်စ်လို့ အမည်ပြောင်ပေးထားတဲ့ Nova-C လဆင်းယာဉ်ကို အီလွန်မတ်စ်ခ်ရဲ့ Space X ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်နှစ်ဆင့်ပါ Falcon 9 ရော့ကတ်နဲ့ ဒေသစံတော်ချိန် မနက် ၁ နာရီမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် အမျိုးသားအာကာသအေဂျင်စီ (နာဆာ) နဲ့ SpaceX တို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ၂၅ ထပ်လောက်မြင့်တဲ့ ရော့ကတ်ဒုံးပျံဟာ ဖလော်ရီဒါပြည်နယ် အတ္တလန္တိတ်ကမ်းရိုးတန်းကို နောက်ခံထားပြီး မှောင်မည်းနေဆဲ ကောင်းကင်ယံကို ပျံတက်သွားခဲ့ပါတယ်။
လွှတ်တင်ပြီး ၄၈ မိနစ်အကြာ ကမ္ဘာမြေပြင်အထက် ၁၃၉ မိုင် အရောက်မှာတော့ ခြေခြောက်ချောင်းပါ လဆင်းယာဉ်ဟာ Falcon 9 ဒုံးပျံရဲ့ အပေါ်ဆင့်ကနေ ခွဲထွက်ပြီး လဆီကို ဦးတည်ထွက်ခွာသွားပါတယ်။
Source/Photo-Reuters