ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက အာ့ဗ်ဒိဗ်ကာမြို့ဟာ ရုရှားတပ်ဖွဲ့တွေလက်ထဲကို ကျရောက်တော့မယ့်အန္တရာယ် ရှိနေပြီလို့ မြေပြင်ရှိ ယူကရိန်းတပ်ဖွဲ့ဝင်တွေမှာ အမြောက်ကျည်တွေ ပြတ်လပ်သွားတာကို ကိုးကားပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။
ရုရှားတွေဟာ ယူကရိန်းစစ်စခန်းတွေကို နေ့တိုင်း ဆက်တိုက် ဖိအားပေးနေတာကြောင့် အခြေအနေက စိုးရိမ်ရတယ်လို့ ယူကရိန်းနိုင်ငံသားတွေဆီကနေ သတင်းပေးပို့ထားတာကိုလည်း ကြားသိနေရကြောင်း သူကဆိုပါတယ်။
ကွန်ဂရက်လွှတ်တော်ဟာ ဖြည့်စွက်ဥပဒေကြမ်းကို အတည်မပြုရသေးတာကြောင့် ဒီရုရှားတိုက်ခိုက်မှုတွေကို ဟန့်တားဖို့အတွက် ယူကရိန်းက အလွန်အမင်း လိုအပ်နေတဲ့ အမြောက်ကျည်တွေကို မပေးနိုင်သေးဘူးလို့လည်း ဂျွန်ကာဘီက ပြောပါတယ်။
အခုဆိုရင် ရုရှားတပ်ဖွဲ့တွေဟာ အာ့ဗ်ဒိဗ်ကာရှိ ယူကရိန်း ကတုတ်ကျင်းတွေအထိ အမှန်တကယ် ရောက်ရှိနေပြီဖြစ်ပြီး သူတို့ဟာ ယူကရိန်းကာကွယ်ရေးတွေကို စပြီး လွှမ်းခြုံလာနေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။
ကွန်ဂရက်လွှတ်တော်ရဲ့ အရေးတယူလုပ်ဆောင်ချက် ကင်းမဲ့မှုရဲ့ တန်ဖိုးကို ယူကရိန်းစစ်သားတွေရဲ့ ပခုံးပေါ်မှာ ထမ်းထားနေရတယ်လို့လည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသွားပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အာ့ဗ်ဒိဗ်ကာမြို့ရှိ တချို့နေရာတွေကနေ ပိုကောင်းမွန်လုံခြုံတဲ့ နေရာတွေဆီ ဆုတ်ခွာပေးခဲ့ရကြောင်း ယူကရိန်းက ပြောခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အောက်တိုဘာလကတည်းက အဲဒီမြို့ကို ချီတက်ဖို့ ကြိုးပမ်းခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေကို ဘက် ၃ ဘက်ကနေ ဝိုင်းရံပိတ်ဆို့ထားပြီး ယူကရိန်းတပ်တွေ တူးထားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။
အာ့ဗ်ဒိဗ်ကာမြို့ကို သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေတာဟာ စက်မှုဒေသဖြစ်တဲ့ ဒွန်ဘတ်စ် နယ်မြေကို ဖွဲ့စည်းထားတဲ့ ပြည်နယ် ၂ ခုကို အပြည့်အဝ ထိန်းချုပ်နိုင်စေဖို့ ရုရှားက အဓိက ရည်ရွယ်ထားတာဖြစ်ပြီး လာမယ့်လမှာ ပြန်လည်အရွေးခံဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ဗလာဒီမာ ပူတင်ကို စစ်မြေပြင်မှာ အောင်ပွဲခံရစေမယ်လို့လည်း ဆိုထားပါတယ်။
Source/Photo-Reuters