ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ အောင်သပြေရပ်ကွက်ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ မြို့ခံတဦးထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုသာမက ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
မြို့ခံတဦးက “တောင်ဘက်ကနေ စလောင်တယ်။ ညနေပိုင်း ၂ နာရီကတည်းက စလောင်တာ၊ မိုးချုပ်တဲ့ထိ မငြိမ်းသေးဘူး။ နည်းနည်းစီလောင်တယ်။ စျေးတောင်ဘက် တခုလုံးနီးပါး ပါသွားတယ်” လို့ ပြောပါတယ်။
အခု ဆီဆိုင်မြို့နဲ့ ကျေးရွာဘက်မှာ ပအိုဝ်းအမျိုးသားလွတ်ေမြာက်ရေးအဖွဲ့ချုပ် (PNLA)နဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး စတဲ့ သာလွန်အင်အားနဲ့ အသုံးပြုနေတယ်လို့ သိရပါတယ်။
မြို့ခံတဦးက “အဘိုး၊ အဘွား လက်ထက်ကတည်းက မိသားစု စားဝတ်နေရေး ပြေလည်အောင် ဖွင့်ထားတဲ့ စျေးဆိုင်လေး မီးထဲပါသွားတော့ စိတ်အရမ်းထိခိုက်တယ်။ အမေက မီးလောင်တဲ့ဗီဒီယို မြင်တော့ ငိုပဲငိုနေတယ်။ စိတ်ဓာတ်ကျရတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဉ်နဲ့ ဗုံးလာကြဲနေပြီး အခုလိုလုပ်ရပ်မျိုးဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်သလို ပအိုဝ်းကျေးရွာဒေသတွေကို တမင်တကာ ဖျက်ဆီးနေတဲ့ ရက်စက်ယုတ်မာတဲ့လုပ်ရပ် ဖြစ်တယ်လို့ PNLA က ထုတ်ပြန် ပြောဆိုထားပါတယ်။
ဆီဆိုင်မြို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇၀၀၀၀ ရှိလာပြီး စားနပ်ရိက္ခာ၊ နေရာထိုင်းခင်း၊ ဆေးဝါး စတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေထံက သိရပါတယ်။