စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်မှာ လမ်းသွားလမ်းလာ အမျိုးသား ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကသာမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက “မြို့အဝင် စစ်ဆေးရေးဂိတ်မှာ လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေကို စစ်ဆေးပြီး ဖမ်းနေတာ။ အဲဒီအထဲကမှ အမျိုးသား ၆ ဦးလောက် ပါသွားတယ်။ ဘယ်သူတွေလဲ ဆိုတာတော့ မသိဘူး။ လူငယ်တွေအများစု ဖမ်းခံရတာ” လို့ ပြောပါတယ်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ် ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူငယ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။
စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ ကသာမြို့အဝင် စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခု သြဂုတ် ၁၇ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။