ဂါဇာကမ်းမြောင်မှာ လက်ရှိဖွင့်လှစ်ထားနိုင်သေးတဲ့အထဲက အကြီးဆုံးဖြစ်တဲ့ နက်ဆာဆေးရုံကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အစ္စရေးတပ်တွေ ဝင်စီးခဲ့တဲ့အတွက် ဝရုန်းသုန်းကားဖြစ်ပြီး အော်သံတွေ၊ သေနတ်သံတွေနဲ့ ဖုန်တွေ၊ မီးခိုးတွေ လွှမ်းနေတဲ့ စင်္ကြံလမ်းတွေရဲ့ ပုံရိပ်ဗီဒီယိုဖိုင် ပေါ်ထွက်လာခဲ့ပါတယ်။
နက်ဆာဆေးရုံ စီးနင်းမှုဟာ “အတိအကျ၊ အကန့်အသတ်” နဲ့ လုပ်ဆောင်မှုဖြစ်ပြီး ဆေးရုံထဲမှာ ဟားမတ်စ်စစ်သွေးကြွတွေ ခိုအောင်းနေတယ်၊ ဓားစာခံတချို့ကို ဖမ်းထားတယ်၊ သေသွားတဲ့ ဓားစာခံတချို့ရဲ့ အလောင်းတွေ ထားထားတယ်ဆိုတဲ့ သတင်းတွေ ရတဲ့အတွက် ဝင်စီးတာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
ဒီအကြောင်းပြချက်တွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။
အစ္စရေးတပ်တွေဟာ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ ဝန်ထမ်းမိသားစုတွေနဲ့ ဆေးရုံမှာ ခိုလှုံနေသူတချို့ကို အတင်းအဓမ္မ ဖယ်ရှားခဲ့တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က စခဲ့တဲ့ စစ်ပွဲမှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို ဝင်ရောက်ပစ်ခတ်မှုကြောင့် အရပ်သားအများစု အပါအဝင် လူ ၁,၂၀၀ သေဆုံးခဲ့ပြီး ဓားစာခံလည်း ၂၅၃ ယောက် ဖမ်းခေါ်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက လူနေသိပ်သည်းတဲ့ ဂါဇာကမ်းမြောင်ကို လေကြောင်း၊ ကြည်းကြောင်းကနေ ထိုးစစ်ဆင်ခဲ့တာ အရပ်သားအများစု အပါအဝင် လူ ၂၈,၆၆၃ ဦးအထိ သေဆုံးခဲ့ပြီး ဂါဇာဒေသခံ နှစ်သန်းကျော်လုံးနီးပါး အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
Source/Photo-Reuters