ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တဦးနဲ့ ပျူစောထီးတွေ ရိုက်ပွဲဖြစ်ပွားခဲ့ပြီး စရဖတပ်ဖွဲ့ဝင်တဦး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မအူပင်မြို့၊ ရေလဲလမ်းမကြီးပေါ်က အဝေးပြေးကားဝန်းရှေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မီးသတ်တွေနဲ့ ပျူစောထီးတွေ စစ်ဆေးရေးပြုလုပ်စဥ် စရဖတပ်ဖွဲ့ဝင် မင်းထက်စံ ဆိုသူကို တားစစ်ရာက ရိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ပျူစောထီးတွေက မင်းထက်စံရဲ့ကားကို စစ်တဲ့အချိန်မှာ ငါ့ကို ဘာကောင်ထင်နေလဲလို့ ပြောပြီး ကားပေါ်က ဆင်းလာတယ်။ ဆင်းလာတော့ ၉ ရပ်ကွက် အုပ်ကြီး မင်းမောင် တပည့် မီးသတ်၊ ပျူနှစ်ယောက်က မင်းထက်စံ အနားကပ်ပြီး သွားမေးလို့ဆိုပြီး မင်းထက်စံဘက်က စလုပ်လို့ မင်းထက်စံကို ပျူတွေဝိုင်းရိုက်တော့တာပေါ့။”
ရိုက်နှက်မှုဖြစ်ပွားစဥ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင် မင်းထက်စံ ဆိုသူက သူ့မှာပါလာတဲ့ သေနတ်နဲ့ ပျူစောထီးတွေကို ပစ်ခတ်ဖို့ ချိန်ရွယ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရိုက်နှက်မှုဖြစ်ပွားပြီးနောက် စရဖအဖွဲ့ဝင် မင်းထက်စံဟာ ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဒေသခံနောက်ထပ်တဦးက “မင်းထက်စံကတော့ ပုခုံးတဖက်ပြုတ်သွားပြီး အခု ဆေးရုံမှာဆိုတော့ နောက်ဆက်တွဲကိစ္စတွေ သူတို့ချင်း ဆက်ရှင်းရဖို့ ရှိနေတယ် ဆိုပါတော့” လို့ ပြောပါတယ်။
မအူပင်မြို့၊ ရေလဲလမ်းမကြီးပေါ်က အဝေးပြေးကားဝန်းရှေ့က စစ်ဆေးရေးဂိတ်ဟာ အမှတ် ၇၊ ၈၊ ၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေ ပူးပေါင်းစစ်ဆေးနေတဲ့ဂိတ်ဖြစ်ပြီး ဒေသခံတွေဆီက ငွေကြေးမတရားတောင်းခံမှုတွေ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ဂိတ် ဖြစ်တယ်လို့ သိရပါတယ်။