ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ PNO ပြည်သူ့စစ်က စစ်သား အတင်းအဓမ္မ စုဆောင်းနေတာကြောင့် ဒေသခံတွေ အခက်ကြုံတွေ့နေရတယ်လို့ ရွာသားတဦးထံက သိရပါတယ်။
အင်းလေးဒေသ ညောင်ရွှေမြို့နယ်ဘက် ကျေးရွာတွေနဲ့ နန်းပန်၊ မှော်ဘီ၊ စံကား ဒေသတို့မှာ ကျေးရွာတိုင်း ပြည်သူ့စစ်ဝင်ပေးရကြောင်း ပြောပါတယ်။
စုဆောင်းခံရတဲ့ ဒေသခံလူငယ်တွေဟာ မှော်ဘီဂိတ်နဲ့ ထီရီးဂိတ်တို့မှာ သွားစောင့်ရတဲ့အပြင် တိုက်ပွဲဖြစ်ပွားရာ ဆီဆိုင်မြို့အတွင်းလည်း ပို့ခံရတာရှိတယ်လို့ ပြောပါတယ်။
နန်းပန်ရွာနေ အမျိုးသားတဦးက “သေနတ်တွေ၊ စစ်ယူနီဖောင်းတွေလည်း ထုတ်ပေးတယ်။ သူတို့က အန္တရာယ်ရှိတဲ့နေရာ တိုက်ပွဲဖြစ်တဲ့နေရာပဲ ပို့တော့ အကုန်လုံးက ကြောက်ကြတာ။ မသွားရင်လည်း အိမ် မီးရှို့မယ်၊ သတ်မယ်၊ ဖမ်းမယ်လုပ်တော့ သွားရတယ်။ သူတို့က အာဏာရှိတဲ့သူတွေလေ” လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်အဖွဲ့ဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်သားစုဆောင်းမှုရှိသလို ဆက်ကြေးလည်း တလ တကြိမ် ကောက်ခံတယ်လို့ ဆိုပါတယ်။
စစ်သားစုဆောင်းခံရမှာကြောက်တဲ့ ဒေသခံ အင်းလူငယ်တချို့ကတော့ ထိုင်း၊ လာအိုဘက် တရားမဝင် လုပ်သားအဖြစ် မှောင်ခိုသွားကြတယ်လို့ ဆိုပါတယ်။
အခုလို စစ်သားစုဆောင်းတာ၊ ငွေကြေးကောက်ခံတာကိုလည်း အင်းလေး PDF၊ အင်းလေးအမျိုးသမီးသမဂ္ဂ၊ အင်းလေး ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု၊ မြို့နယ် ရပ်မိရပ်ဖတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုထားတဲ့အပြင် PNO ပြည်သူ့စစ် စစ်သားစုဆောင်းမှုအတွင်း လိုက်ပါဆောင်ရွက်နေတဲ့ ကျေးရွာလူကြီး၊ အုပ်စုလူကြီးကိုလည်း ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။