Home
မြန်မာသတင်း
ဂန့်ဂေါတွင် PDF ထံ အလင်းဝင်ရန်ပြောသည့် တိုက်အုပ်ဆရာတော်ကို ပျူစောထီးများ သတ်ဖြတ်
DVB
·
February 15, 2024
pyuu 1522024

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးကျေးရွာက ပြည်သူတွေကို PDF ဆီ အလင်းဝင်ဖို့ ပြောတဲ့ တိုက်အုပ်ဆရာတော်ကို မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဟံသာဝတီကျေးရွာက တိုက်အုပ်ဆရာတော်ကို မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေက ပင့်ဆောင်သွားပြီး ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ဟံသာဝတီကျေးရွာကို အလောင်းပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့ ဆရာတော်ဟာ သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိ ဦးပညာဝရ (ခ) ဦးဇင်းကျော်လွှား ဖြစ်ပြီး ဟံသာဝတီကျေးရွာရဲ့ တိုက်အုပ်ဆရာတော် ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်က ပြီးခဲ့တဲ့ ဥပုသ်နေ့ ဖေဖော်ဝါရီ ၉ ရက်မှာ တရားဟောရင်း ပျူစောထီး ကျေးရွာက ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အတွက် PDF ထံ အလံဖြူထောင် အလင်းဝင်ဖို့ တရားဟောရင်း စည်းရုံးသလို ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဂန့်ဂေါမြို့ခံတဦးက “ပြီးခဲ့တဲ့ ဥပုသ်နေ့ကပေါ့ ဆရာတော်က ဥပုသ်တရားဟောရင်း ရပ်ရွာမှာ ကျပ်တည်းနေတာတွေပေါ့၊ ကုန်စျေးနှုန်းကြီးတာတွေရော စားဝတ်နေရေးတွေရော အစစအရာရာ ခက်ခဲနေတဲ့ အနေအထားမှာ ပြည်သူနဲ့ ပူးပေါင်းကြပါလားဆိုတဲ့ ပုံစံမျိုးနဲ့ တရားဟောရင်း စည်းရုံးသလို ပြောတာပေါ့နော်။ အဲ့လိုမျိုးပြောတော့ တရားနာသူတွေထဲမှာ ပျူစောထီးတွေလည်း ပါတယ်လေ။ ဟံသာဝတီကလည်း မြောက်ခင်ရန်းလို ပျူစောထီးရွာပဲ ဆိုတော့။ မြောက်ခင်ရန်းက ပျူစောထီးတွေက လာခေါ်သွားပြီးမှ သတ်လိုက်တာ” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့နယ် အစပ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးကျေးရွာ ၁၁ ရွာရှိပြီး ဒေသခံပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးရရှိဖို့ ခက်ခဲတာ၊ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်တာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ရွာခံပြည်သူတချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံ ထွက်ပြေးလာကြတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024