ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း ကြေညာပြီးနောက် နေပြည်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ထပ်မံဖွဲ့စည်းကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တာဝန်ယူမှာဖြစ်ကာ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး၊ နေပြည်တော်ထွေအုပ်နဲ့ နေပြည်တော်ကောင်စီအဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
အလားတူ ပြည်နယ်နဲ့တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကိုလည်း ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေက ဦးဆောင်ကာ အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေက ဒုတိုင်းမှူးတွေ၊ နယ်လုံဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ရဲတပ်ဖွဲ့မှူးတွေနဲ့ ထွေအုပ်တွေ ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းပြီးနောက် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းအဆင့်တွေမှာလည်း အခုလို ထပ်မံတိုးချဲ့ဖွဲ့စည်း လိုက်တာပါ။
နိုင်ငံသားတိုင်းဟာ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိပြီး စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း စစ်ခေါင်းဆောင်က အမိန့်ထုတ် ပြန်ပြီးနောက် အခုလို ဆောင်ရွက်လာတာလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံး၊ ဒဏ်ရာရ၊ လက်နက်ချ၊ ဖမ်းဆီးခံရ၊ ထွက်ပြေး၊ ပြည်သူ့ထံအလင်းဝင်တာတွေ များလာလို့ လျော့နည်းလာတဲ့ စစ်အင်အားကို ပြန်ဖြည့်ဆည်းဖို့ စစ်ခေါင်းဆောင်အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တရားဝင်မှု အလျဉ်းမရှိသလို ပြည်သူလူထုတွေ အနေနဲ့လည်း လုံးဝ လိုက်နာစရာ မလိုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာထားပါတယ်။