ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ဟိုပုံးမြို့ကို ရောက်ရှိလာတဲ့ ဆီဆိုင်မြို့နယ် ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ စစ်ရှောင်တွေ တရက်ပြီးတရက် တိုးလာခဲ့ကာ စစ်ရှောင်တိုးလာတာနဲ့အမျှ နေရာထိုင်ခင်း၊ အစားအသောက် ပိုလိုအပ်လာတယ်လို့ သိရပါတယ်။
စစ်ရှောင်ကူညီသူတဦးက “တိုက်ပွဲဧရိယာက ကျယ်ကျယ်လာတယ်။ ရွာသားလည်း နေ့စဉ်နဲ့အမျှ ထွက်ပြေးရတယ်။ စစ်ရှောင် နေ့စဉ်တိုးလာတာပဲရှိတယ်။ အစားအသောက်၊ ဆေးဝါးတွေလည်း လုံလောက်မှု မရှိဘူး။ ခု ဒီ ဆီဆိုင်မြို့နယ် ဒေသခံပဲကို ဟိုပုံးနဲ့ တောင်ကြီးမြို့နယ်မှာ စာရင်းပြုစုထားတာ ၇ သောင်းကျော်ရှိပြီ” လို့ ပြောပါတယ်။
တောင်ကြီးမြို့နယ် ဖာမွန်း၊ ထီဗွာ၊ ကက္ကူ၊ ဝင်းယ၊ ထီရီး၊ နောင်ကား၊ ညှိးမီး၊ ပန်သခွားရွာရှိ ဘုန်းကြီးကျောင်းတွေနဲ့ ဟိုပုံးမြို့ပေါ် ဘုန်းကြီးကျောင်းတို့မှာ စစ်ရှောင်အများစု လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်တဦးက “အခက်အခဲ အရမ်းတွေ့ကြတယ်။ တချို့က ဖျားနာပြီး ရောက်လာကြတယ်။ လက်နက်ကြီးထိပြီး ဒဏ်ရာရပြီး ရောက်လာကြတယ်။ ကိုယ်ဝန်ဆောင်မိခင်လည်း များတယ်။ ဆေးကုသဖို့လည်း အခက်အခဲရှိကြတယ်။ တိုက်ပွဲပြေးလာတာဆိုတော့ ဘာမှ ယူလာခွင့်လည်း မရပါဘူး” လို့ ပြောပါတယ်။
ဆီဆိုင်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာဘက် နေရာအများအပြားမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဘာသာရေး အဆောက်အဦ ၇ ခုထက်မနည်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တာမို့ ကက္ကူ-ဆီဆိုင်လမ်း၊ ဆိုက်ခေါင်-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာ အသုံးမပြုကြဖို့လည်း ပအိုဝ်းအမျိုးသားလွတ်ေမြာက်ရေးအဖွဲ့ချုပ် (PNLA) က ထုတ်ပြန် သတိပေးထားပါတယ်။