စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ လုပ်သားကျေးရွာကို ပျူစောထီးတွေက မီရှို့ပြီး မိသားစုတစုကို ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ ပုလဲမြို့ အင်မထီးရွာက ပျူစောထီးတွေက လုပ်သားကျေးရွာထဲ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၅ လုံး၊ နွားစာတိုက်နဲ့ စပါးကျီတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လုပ်သားရွာမှာ နေထိုင်တဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ သားဖြစ်သူနဲ့ ချွေးမကို ပျူစောထီးတွေက အင်မထီးရွာထဲ ဖမ်းခေါ်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အင်မထီးပျူစောထီး ရွာထဲက ပျူတွေက မီးရှို့သွားတာပါ၊ မိသားစု ၃ ဦးကိုတော့ အင်မထီးရွာထဲကို တန်ဆာခံအဖြစ်ဖမ်းဆီးသွားပါတယ်၊ အခုထိတော့ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးပါဘူး၊ လုပ်သားရွာက အင်မထီးနဲ့ အရမ်းနီးကပ်တာပါ။”
ပုလဲမြို့နယ် လုပ်သားရွာကို ပျူစောထီးတွေ မကြာခဏ ဝင်ရောက်လေ့ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း လုပ်သားရွာက အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။