တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ ဒေသတွင်း စစ်ရေးလှုပ်ရှားမှု မြင့်တက်လာတာကို တန်ပြန်အင်အားပြဖို့အတွက် ဒီနှစ်ထဲမှာ အမေရိကန်စစ်သင်္ဘော ငါးစင်းအထိ အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ တပ်စွဲသွားဖို့ ရှိနေတယ်လို့ South China Morning Post သတင်းစာက ဖော်ပြပါတယ်။
အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ လက်ရှိ အမေရိကန်စစ်သင်္ဘော သုံးစီးရှိနေပြီး နောက်နှစ်စီးကလည်း ဦးတည်လာနေပြီလို့ ဆိုပါတယ်။
အမေရိကန်မှာ လက်ရှိ လေယာဉ်တင်သင်္ဘော ၁၁ စီးရှိတဲ့အနက် ထက်ဝက်လောက်ကို ဒီဒေသမှာ စုထားတာ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။
အမေရိကန်ရေတပ်ရဲ့ ပစိဖိတ်သင်္ဘောအုပ်စုထဲမှာပါတဲ့ ယူအက်စ်အက်စ် အေဘရာဟင်မ်လင်ကွန်းဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တီယေဂိုက ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အနောက်ပစိတ်ဖိတ်သမုဒ္ဒရာကို ဦးတည်လာနေပါတယ်။
ဂျပန်နိုင်ငံ ယိုကူဆူကာကနေ ဝါရှင်တန်ကိုပြန်ပြီး ဒေါက်တက်မယ့် ယူအက်စ်အက်စ် ရော်နယ်ရေဂင် နေရာမှာ အစားထိုးဖို့ နျူးကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် ကလည်း ခုတ်မောင်းလာနေပြီ ဖြစ်ပါတယ်။
ယူအက်စ်အက်စ်ရော်နယ်ရေဂင် အပြင် ယူအက်စ်အက်စ်ကားလ်ဗင်ဆင်နဲ့ ယူအက်စ်အက်စ် သီအိုဒီုရုစဗဲ့လ် တို့ဟာလည်း ဂူအမ်နဲ့ ဟာဝိုင်အီမှာ အခြေစိုက်ထားပြီး ဧပြီကနေ ဇူလိုင်အထိ အနောက်ပစိဖိတ်မှာပဲနေဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဒီလေယာဉ်တင်သင်္ဘောနှစ်စင်းဟာ ဖိလစ်ပိုင်ပင်လယ်မှာ ဂျပန်နဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ပါတယ်။
ဇန်နဝါရီလတုန်းကလည်း ယူအက်စ်အက်စ်ကားလ်ဗင်ဆင်ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ အရှေ့တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
Source/Photo-Reuters