ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး အိမ်ထောင်စုစာရင်းကို ကောက်ခံသွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက် မှာ ရပ်ကွက်နေပြည်သူတွေကို အသိပေးထားပါတယ်။
မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြသာစည် ရပ်ကွက်တွေမှာ စတင်ကောက်ခံသွားမှာဖြစ်ပြီး ဥပဒေမှာပြဋ္ဌာန်းထားတဲ့ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးစာရင်းတွေကို ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ညနေပိုင်းမှာလည်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်အတွင်း စစ်မှုထမ်းဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ကားနဲ့ လိုက်လံ ဆော်သြခဲ့ပါတယ်။
ရွှေတောင်ရပ်ကွက်နေ အမျိုးသားတဦးက “ကားနဲ့လိုက်ဆော်ဩတာလေ၊ ရပ်ကွက်အလိုက် လူငယ်တွေက ရပ်ကွက်ရုံးမှာ စာရင်းလာပေးဖို့ပေါ့၊ လူငယ်တွေက ဘယ်သွားချင်မှာလဲ၊ ရှောင်လို့လည်း မရဘူးလေ။ စာရင်းမပေးရင်တောင် ရပ်ကွက်ရုံးမှာ ရှိပြီးသားဆိုတော့ လူစစ်ချင်တာလည်း ပါတာပေါ့” လို့ ပြောပါ တယ်။
ဘုရားဖြူရပ်ကွက်က အမျိုးသမီးတဦးက “ဘုရားဖြူမှာလည်း ကောက်နေပြီ၊၊ ကျမတို့အိမ်က သက်ကြီးပိုင်းနဲ့ ကျောင်းနေ ကလေးတွေပဲရှိတဲ့အတွက် စာရင်းပေးဖို့မလိုဘူး၊ အဆောင်ဖွင့်ထားတဲ့အတွက် အဆောင်နေတဲ့ နယ်ဝေးက လူငယ်စာရင်းတွေကို အကုန် ကောက်သွားတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့မှာ လူဦးရေ ၄ သိန်းကျော်ရှိပြီးတော့ စစ်မှုထမ်းကာလကို ၂ နှစ်အထိ သတ်မှတ်ထားပါတယ်။
အရေးပေါ်အခြေအနေလို့ သတ်မှတ်ရင် စစ်မှုထမ်း ကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းဖို့ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။