မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အရပ်သားအမျိုးသား ၁၀ ဦးကို PDF ဆိုပြီး စွပ်စွဲသတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ကြောင်းက သင်တော၊ ရွှေဘိုနဲ့ ရွှေဘိုရွာသစ်(ဒေသအခေါ် ရေသာ) စတဲ့ ကျေးရွာတွေထဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အသတ်ခံရသူတွေဟာ အသက် ၂၀ ကနေ ၄၀ ဝန်းကျင် အမျိုးသားတွေ ဖြစ်ပြီး သင်တောရွာက ၇ ဦး၊ ရွှေဘိုရွာက ၂ ဦးနဲ့ ရွာသာရွာက ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။
“သင်တောနဲ့ ရွှေဘိုရွာကြားမှာ ဘုရားရှိတယ်၊ ဘုရားအနီးမှာ သင်တောရွာသား ၇ ဦးသတ်တယ်၊ နောက် ၂ ဦးက ရွှေဘိုရွာထဲမှာပဲ ပစ်သတ်ထားခဲ့တယ်။ ရေသာက ၁ ဦးကတော့ ရေသာနဲ့ ရွှေဘိုအကြားမှာ ပစ်သတ်ထားခဲ့တယ်ပေါ့။ အဓိကက စစ်ကောင်စီက PDF တွေကို ဖမ်းမိတယ်ဆိုပြီး သူတို့အထက်လူကြီးတွေကို လိမ်ညာဖို့ အပြစ်မဲ့ ပြည်သူတွေကို PDF အဖြစ် လိမ်ညာပြီးတော့မှ ဖမ်းဆီးပြီးမှ သတ်ဖြတ်တာပါပဲ” လို့ ဂန့်ဂေါ ပကဖ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကြောင်းက ရွှေဘိုရွာက လူနေအိမ် ၂၆ လုံးနဲ့ သင်တောရွာက လူနေအိမ် အလုံး ၂၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။