မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ငွေစက္ကူတွေ ရိုက်နှိပ်တဲ့ ဝါဇီစက်ရုံကို ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီလောက်က လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့ဆီက သိရပါတယ်။
ဒါ့ပြင် အဲဒီစက်ရုံရဲ့ ခံစစ်ရွာနဲ့ လက်နက်ကြီး အထိုင်စခန်းကိုလည်း ဒရုန်းနဲ့ဗုံးကြဲပြီး အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူ (လ.န.စ) ဝါဇီစက်ရုံကို မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ Short Range Missile ၂၂ လုံး၊ ပခုက္ကူခရိုင်တပ်ရင်း ၈၊ တပ်ခွဲ ၁ က ထုတ်လုပ်ထားတဲ့ Missile ၅ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် အဖွဲ့ငယ် ၄ ခုခွဲပြီး ဒရုန်းတွေနဲ့လည်း ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လ.န.စ ဝါဇီစက်ရုံရဲ့ ပထမခံစစ်စည်းဖြစ်တဲ့ ချိုက်ကျေးရွာက လက်နက်ကြီးစခန်းကို ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့သလို လည်ကျင်းရွာနားက လက်နက်ကြီး အထိုင်စခန်းနဲ့ ကင်းပုန်းတွေကိုလည်း အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေအတွင်း စစ်သားနဲ့ ဝါဇီစက်ရုံမှာ ထိခိုက်ပျက်စီးတာတွေ အများကြီးရှိတယ်လို့ သိရပေမဲ့ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ Drone လက်ရုံးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။