Home
မြန်မာသတင်း
ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ၌ မမှန်မကန်ပြုလုပ်ပါက  အရေးယူမည်
DVB
·
February 14, 2024
Korea EPS_14022024

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အတွင်း မမှန်မကန် အပြုအမူတွေ ပြုလုပ်ရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရမှာဖြစ်သလို တည်ဆဲဥပဒေတွေအရလည်း အရေးယူခံရမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ EPS-TOPIK စာမေးပွဲတွေတုန်းက မမှန်မကန်ပြုလုပ်ဖြေဆိုရင် ဖြေဆိုခွင့် ၃ နှစ်ပိတ်မယ်လို့ ဆိုထားပြီး ဒီနှစ်မှာ ဖြေဆိုခွင့်ပိတ် အရေးယူမယ့်နှစ် တနှစ်ထပ်တိုးသွားတာလို့ ကိုရီးယားဘာသာသင်တန်း နည်းပြတချို့က ဆိုပါတယ်။

ဒါ့အပြင် အရင်က ဥပဒေကြောင်းနဲ့ အရေးယူတာ မရှိခဲ့ဘဲ ဒီနှစ်မှာတော့ အဲဒီအချက်ကို ထည့်သွင်းလာတာလို့လည်း သိရပါတယ်။

ကိုရီးယားဘာသာသင်တန်း နည်းပြတဦးက “ဒီနှစ်က ပိုပြီး တင်းကျပ်လာတဲ့သဘော တွေ့ရတယ်။ ဖြေဆိုမယ့်သူကလည်း ဒီနှစ်မှာ ပိုများမယ့်သဘောလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

အဲဒီ EPS-TOPIK စာမေးပွဲကို မတ်လ ၄ ရက်ကနေ ၁၀ ရက်အထိ အွန်လိုင်းကနေ ဖြေဆိုခွင့် လျှောက်ထားရမှာဖြစ်ပြီး စာမေးပွဲကို ဧပြီနောက်ဆုံးပတ်ကစ​လို့ ကျင်းပသွားမယ်လို့ POEA က ထုတ်ပြန်ထားပါတယ်။

ဒီနှစ်ကျင်းပမယ့် EPS-TOPIK စာမေးပွဲမှာ အခြေခံပညာအထက်တန်း ပြီးဆုံးထားတဲ့ အမျိုးသမီးတွေအနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုခွင့် ပြုထားပါတယ်။

အဲဒါကြောင့် EPS-TOPIK စာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့် ဦးရေဟာ ဒီနှစ်မှာ စံချိန်တင် များနိုင်တယ်လို့ သင်တန်းကျောင်းတွေက ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ EPS-TOPIK စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၄၀,၀၀၀ နီးပါးရှိကာ အောင်မြင်သူ ၁၅,၀၀၀ နီးပါး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024