ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လူစာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံတွေထံက သိရပါတယ်။
အသက်ပြည့်ပြီးသူ ၁၈ နှစ်အထက် အမျိုးသား အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ရပ်ရွာတွေမှာ နေထိုင်သူတွေရဲ့ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။
နန်းကွေ့ကျေးရွာသားတဦးက " ရပ်ကွက်ထဲက နေအိမ်တွေကို ည ၇ နာရီ တံခါးပိတ် မီးပိတ်ထားဖို့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ပြောတာတွေရှိတယ်။ သတိနဲ့ နေကြဖို့ ည အချိန် အပြင်မထွက်ဖို့လည်းပြောတယ်။ နောက်ပြီး နေအိမ်က လူစာရင်းလည်းကောက်သွားတယ်။ စစ်မှုထမ်းဥပဒေထုတ်ပြီးမှ လူဦးရေ စာရင်းလိုက်ကောက်နေတာ”လို့ ပြောပါတယ်။
အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့ စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့အကြောင်း စစ်ခေါင်းဆောင်က ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။
ဒီဥပဒေထုတ်ပြန်ပြီးနောက် မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လူသစ်စု ဆောင်ဖို့ စတင်ဆောင်ရွက်နေတဲ့အတွက် ဆက်လက်ပါဝင်နေရင် ထိရောက်စွာ အပြစ်ပေးမယ်လို့ ကချင်ပြည်နယ် NBPDF မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထား ကြေညာထားပါတယ်။