ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၉ နှစ်ပြည့် မြောက်မွေးနေ့မှာ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြတိုက်ကို လာရောက်လည်ပတ်သူ လူငယ်တချို့သာ တွေ့ရပါတယ်။
ပြတိုက်ကို တနင်္လာနေ့မှအပ ကျန်ရက်တွေမှာ ပုံမှန်ဖွင့်လှစ်ထားပေမဲ့ မွေးနေ့ကာလမှာ ပြတိုက်ကို လာရောက်လည်ပတ်ဖို့ ထူးထူးခြားခြား နှိုးဆော်တာတွေတော့ မရှိခဲ့လို့ လာရောက်သူ နည်းပါးခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဗိုလ်ချုပ်ပြတိုက်ကို ပိတ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်နဲ့ လက်ရှိ ၂၀၂၄ ကာလမှာ ပြတိုက်ကို ပုံမှန် ပြန်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ပြတိုက်ကို တပတ် ၆ ရက် ဖွင့်လှစ်ထားပေမဲ့ ပြတိုက်ဝင်း တံခါးကိုတော့ ဖွင့်လှစ်ထားတာမရှိဘဲ စေ့ပိတ်ထားတာ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ပြတိုက်တံခါးကိုစေ့ထားပြီး ပြတိုက်ဖွင့်လှစ်ထားကြောင်း အသိပေးအ အကြောင်းကြားစာ ချိတ်ဆွဲထားတာမရှိလို့ ဗိုလ်ချုပ်မွေးနေ့အမှတ်တရ လာရောက် လည်ပတ်သူတွေ ပြတိုက်တံခါးကနေ လှည့်ပြန်ခဲ့ရတာ ရှိခဲ့ပါတယ်။