ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပမ်ပရီဘဟိဒါနုကာရဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံမှာဖြစ်ပြီး မြန်မာ့အကျပ်အတည်းကို အဓိက ဆွေးနွေးသွားမယ်လို့ အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်း PBS ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးပမ်ပရီဟာ ဘလင်ကန်ရဲ့ ဖိတ်ကြားမှုအရ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဘန်ကောက်က ထွက်ခွာခဲ့တာဖြစ်ပြီး သူ့ခရီးစဉ်အတွင်းမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအပြင် အထက်လွှတ်တော်အမတ်တွေနဲ့ပါ တွေ့ဆုံပြီး ဒေသတွင်းအရေးတွေ ဆွေးနွေးဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အစီအစဉ်ကို စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ထိုင်းကအဆိုပြုတဲ့ ဒီအစီအစဉ်ကို လာအိုနိုင်ငံ၊ လွမ်ပရာဘန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံစဉ် သဘောတူ ထောက်ခံခဲ့ကြပါတယ်။
ရှေ့ပြေးအစီအစဉ်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ဘေးကင်ဇုန်တခု ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။
အကူအညီပေးရေး အစီအစဉ်ကို အာဆီယံ လူသားချင်းစာနာမှုနဲ့ သဘာဝဘေးစီမံခန့်ခွဲရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA Center) က ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးမယ့် အစီအစဉ်တွေကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီးလုပ်ဆောင်မယ့်ပေါ် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Photo-MOFA Thailand