အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော် ကျင့်သုံးတော့မယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ကြိုတင်စီမံမှုတွေထဲက တခုဖြစ်တယ်လို့ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။
တပ်အင်အားချည့်နဲ့လာပြီး လုံခြုံရေးပိုင်းဆိုင်ရာ အင်အားလျော့နည်းလာတဲ့ အာဏာသိမ်းစစ်တပ်က အဲဒီနေရာတွေမှာ ပြန်လည်အစားထိုးဖို့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေတခုကို ဖေဖော်ဝါရီ ၁၀ ရက်က စတင်အသက်ဝင် ကျင့်သုံးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်၊ စစ်မှုထမ်းရမယ့်ကာလ၊ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို ဖော်ပြထားပေမဲ့ အသေးစိတ် အချက်အလက်ကို ထပ်မံဖော်ပြမယ့် နည်းဥပဒေ မထွက်ရှိသေးတာကြောင့် လတ်တလော အကောင်အထည် မဖော်နိုင်သေးသလို ၆ လနဲ့ တနှစ်ကြား ထပ်မံကြာနိုင်သေးတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ လူငယ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး စစ်မှုထမ်းချင်တဲ့ လူငယ်တွေရှိသလို မထမ်းဆောင်ချင်တဲ့ လူငယ်တွေလည်း ရှိနေတဲ့အတွက် သူတို့တွေရဲ့ အသံတွေက ဘယ်လိုထွက်လာနိုင်သလဲဆိုတာ မသိနိုင်သေးသလို နည်းဥပဒေ ထွက်မလာသေးတာကြောင့် သုံးသပ်ဖို့ စောသေးပြီး တပ်အင်အားလျော့နည်းလာတာကို ဖြည့်ဆည်းဖို့လည်း ဖြစ်နိုင်တယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌက ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အင်အားတွေကို ပြန်ဖြည့်ဖို့ ဆောင်ရွက်နေတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အစိုးရတရပ်အနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုမရဘဲ ပြည်တွင်းပြည်ပ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကို ခုခံနိုင်စွမ်း ကျဆင်းလာပြီး မြို့ရွာတွေနဲ့ တပ်ရင်းစစ်ဌာနချုပ်တွေပါ လက်လွှတ်ပေးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုတွေကလည်း စိန်ခေါ်ချက်တခု ဖြစ်လာပါတယ်။
ဒီဖိအားတွေအောက်က ရုန်းထွက်နိုင်ဖို့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲတခုကို မဖြစ်မနေ ကျင်းပပေးဖို့ လိုအပ်နေပြီး အဲဒီရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေးအင်အားနဲ့ လက်လွှတ်ထားတဲ့ မြို့ရွာတွေ ထပ်မံဖြစ်မလာအောင် ခုခံစစ်အတွက် အင်အားဖြည့်တင်းဖို့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးကာ နိုင်ငံရဲ့အနာဂတ်တွေဖြစ်တဲ့ ငယ်ရွယ်တဲ့ လူငယ်တွေကို စစ်တပ်အာဏာတည်မြဲဖို့ ရှေ့ကနေ အသေခံတိုက်ခိုင်းမယ့် ဥပဒေဖြစ်တယ်လို့ ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ချက်ချင်းလက်ငင်း စစ်မှုထမ်းဆောင်မယ့် သူတွေကို ဆင့်ခေါ်ပြီး တိုက်ခိုက်ရေးဘက်ကို ပို့မှာမဟုတ်ဘဲ စစ်မှုထမ်းတယောက် တတ်သင့်တဲ့ ပညာတွေ သိသင့်တာတွေကို သင်ကြားပို့ချတာတွေအပြင် ပြည်တွင်း လုံခြုံရေးပိုင်း တာဝန်ယူတဲ့ ရဲတပ်ဖွဲ့အင်အား မလုံလောက်တဲ့အခါတွေမှာ အစားထိုးဖို့အတွက် ဖြစ်နိုင်တယ်လို့ သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
လက်ရှိမှာလည်း ပြည်တွင်းမှာ အာဏာသိမ်းမှုကို လက်သင့်မခံဘဲ အခြေအနေ အကြောင်းကြောင်းကြောင့် နေထိုင်နေရတဲ့ ပြည်သူအများအပြား ရှိနေတဲ့အတွက် အဲဒီသူတွေကို စစ်မှုထမ်းခွင့်ပေးပြီး လက်နက်တပ်ဆင်ပေးလိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုတော့ စစ်ကောင်စီဘက်က ကြိုတင်စဉ်းစားထားပြီး ဖြစ်နိုင်တာကြောင့် နောက်ခံအချက်အလက်တွေကို သေချာစိစစ်ရွေးချယ်မှုတွေ လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်မှုထမ်းတာဟာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိသလို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ဖို့ လိုအပ်တာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းတာလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းကျင့်သုံးနေသလို နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းကျင့်သုံး ဆောင်ရွက်ခြင်းမရှိတဲ့ နိုင်ငံတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အေးချမ်းတဲ့တိုင်းပြည်တွေ၊ ပြည်တွင်းစစ်ရှိမနေတဲ့ တိုင်းပြည်တွေမှာ အခုလိုမျိုး စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းပြီး လုံခြုံရေးဆိုင်ရာ ပညာရပ်တခုအနေနဲ့ ကျင့်သုံး ဆောင်ရွက်တာဟာ ကောင်းပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခုလိုအခြေနေမျိုးမှာ ဒီဥပဒေပြဋ္ဌာန်းတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
လက်ရှိမှာ စစ်မှုထမ်းချင်တဲ့သူတွေရှိသလို မထမ်းချင်တဲ့သူတွေလည်း ရှိနေတဲ့အတွက် ရှုပ်ထွေးမှုတွေ ရှိလာနိုင်သလို အဲဒီကိစ္စရပ်တွေပေါ်မှာ ဘယ်လိုသတ်မှတ် ဆောင်ရွက်မလဲ ဆိုတဲ့ နည်းဥပဒေ ထွက်ရှိလာမှ ဒီဥပဒေရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို သေချာပြောနိုင်မယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ တာဝန်ထမ်းဆောင်ရမှာပါ။
အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်မှုလက်မှုပညာ တတ်မြောက်သူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသမီးဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။
စစ်မှုထမ်းကာလကိုတော့ သာမန်အခြေအနေမှာဆိုရင် သက်တမ်း ၂ နှစ် ထမ်းဆောင်ရမှာဖြစ်ပြီး အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ ဆိုရင်တော့ စစ်မှုထမ်းကာလကို ၃ နှစ် သတ်မှတ်ထားပါတယ်။
တိုင်းပြည်ဟာ အရေးပေါ်အခြေအနေကာလလို့ သတ်မှတ်လိုက်မယ်ဆိုရင်တော့ စစ်မှုထမ်းဆောင်နေတဲ့ နိုင်ငံသားတိုင်းရဲ့ စစ်မှုထမ်းကာလဟာ ၅ နှစ် ထမ်းဆောင်ရမယ်လို့ စစ်ကောင်စီက ကျင့်သုံးမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဋ္ဌာန်းပြီး တပ်အင်အားကို ပြန်လည် ဖြည့်ဆည်းနေရတာဖြစ်ပြီး အဲဒီဥပဒေမှာဆိုရင် အငြိမ်းစားစစ်မှုထမ်းတွေဟာ အငြိမ်းစားယူခွင့်ရတဲ့ နေ့ကစပြီး ၅ နှစ် စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။
အောင်သူ