Home
မြန်မာသတင်း
ရွေးကောက်ခံအစိုးရ အမြန်ဆုံးပေါ်ပေါက်ရေး နိုင်ငံရေးပါတီများနှင့် စစ်ကောင်စီ ဆွေးနွေးမည်
DVB
·
February 12, 2024
SAC meet Party_06022024

မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ရွေးကောက်ခံအစိုးရ အမြန်ဆုံး ပေါ်ပေါက်ရေးကိစ္စ ဆွေးနွေးဖို့ အတွက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိပါတယ်။

စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့  နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးရေး အပါအဝင် ကြားဖြတ်အစိုးရတရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ကြဖို့ဆိုတဲ့ အကြောင်းအရာတွေ ဆွေးနွေးဖို့ ရှိနေတာပါ။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ၆ လတခါ သက်တမ်းတိုးပြီး အုပ်ချုပ်နေတာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို ဖြေရှင်းလို့မရဘူး၊ ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် ရွေးကောက်ခံအရပ်သားအစိုးရ ပေါ်ပေါက်လာမှသာ အခုပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အဆိုပါဆွေးနွေးပွဲအပြီး နောက်နေ့မှာ နိုင်ငံရေးပါတီတွေဟာ မကြာသေးခင်ကမှ စစ်ကောင်စီက အသစ်ထပ်မံခန့်အပ်လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့လည်း နေပြည်တော်မှာ ဆက်လက်တွေ့ဆုံဖို့ရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။

မှတ်ပုံတင်ကျပြီး နိုင်ငံရေးပါတီတွေဘက်တော့ ရွေးကောက်ပွဲတရပ် အမြန်ဆုံးကျင်းပနိုင်ရေး လိုလားနေပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းကနေတဆင့် တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေကာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဆောင်ရွက်မှုတွေ ပိုပြီး တိုးတက်မှုရှိလာဖို့လည်း မျှော်လင့်တယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ‌ေပြာပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တို့ ပြီးခဲ့တဲ့လပိုင်းက တွေ့ဆုံမှုမှာတော့ အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲကိုသာ စစ်တပ်ဘက်က ကျင်းပလိုတဲ့ ဆန္ဒရှိပြီး နယ်မြေတည်ငြိမ်မှုမရှိဘဲ ရွေးကောက်ပွဲလုပ်လိုတဲ့ ဆန္ဒမရှိကြောင်း ပြောဆိုခဲ့သလို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ကောက်ယူမယ်လို့ ပြောဆိုခဲ့တာကြောင့် ဒီနှစ်ထဲ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိပါတယ်။

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024