ရာဖာမြို့ကို မကျူးကျော်ဖို့ သတိပေးချက်ဟာ အခြေခံအားဖြင့်တော့ စစ်ရှုံးနေပါပြီလို့ ဟားမတ်စ်တွေက ပြောလိုက်တာပဲလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
“ရာဖာမြောက်ပိုင်းက နေရာအများအပြားကို ကျနော်တို့ ရှင်းပြီးပြီ။ ဒါပေမဲ့ အသေးစိတ် အစီအမံတွေလုပ်ဖို့ ကြိုးစားနေတာ ခုတော့ ပြီးပါပြီ။ ကျနော်တို့ ဒါကို ဂရုမစိုက် မထေမဲ့မြင် မလုပ်ပါဘူး” လို့ နေတန်ယာဟုက ပြောပါတယ်။
အီဂျစ်နဲ့ ဂါဇာနယ်စပ်မှာရှိတဲ့ ရာဖာမြို့က ဟားမတ်စ်တွေရဲ့ တပ်မဟာလေးခုကို ဖျက်ဆီးပြီးပြီဖြစ်ပြီး မြို့ကို ဘေးကင်းအောင် စီစဉ်လုပ်ဆောင်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲ လေးလအချိန်အတွင်း ပါလက်စတိုင်းပြည်သူ တသန်းကျော်ဟာ နယ်စပ်မြို့မှာ ကြပ်ညပ်နေပြီး အင်ပြည့်အားပြည့် ထိုးစစ်ပြီးချိန်ကို စောင့်နေတာပါ။
ဂါဇာကမ်းမြောင်တခုလုံးက အပျက်အစီးတွေ ပြည့်နေပြီး ပြေးစရာမြေမရှိဘဲ ဖြစ်နေပါတယ်။
ဂါဇာမြို့တွေကို အရင် ထိုးစစ်မဆင်မီ အစ္စရေးစစ်တပ်က အရပ်သားတွေ ထွက်ပြေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ခုတော့ သွားစရာ မြေမရှိလို့ လူအများအပြား သေဆုံးနိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
ဒေသတွင်းမှာ ဆက်ဖြစ်နေတဲ့ အစ္စရေးစစ်ပွဲကို အကြောင်းပြရင်း အသက်ရှင်လျက် ရှိကြောင်း ပြောဖို့ ဂါဇာမှာကျန်နေတဲ့ အစ္စရေးဓားစာခံ ၁၃၂ ဦးဟာ လုံလောက်ပြီလို့လည်း နေတန်ယာဟုက ပြောပါတယ်။
ဓားစာခံ ဘယ်နှစ်ယောက် အသက်ရှင်နေသေးလဲလို့ မေးမြန်းရာမှာ နေတန်ယာဟုက “ကျနော်တို့လုပ်နေတဲ့ ကြိုးပမ်းမှုမျိုးကို အာမခံဖို့ လုံလောက်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
ဟားမတ်စ်အပေါ် အစ္စရေးရဲ့ စစ်ရေးတုံ့ပြန်မှုက လွန်ကဲနေပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မှတ်ချက်ပေးခဲ့ပြီးကတည်းက သူနဲ့ စကားမပြောတော့ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။
နေတန်ယာဟုဟာ “FOX News Sunday” အစီအစဉ်ရဲ့ လူတွေ့မေးမြန်းခန်းမှာ ခုလို ပြောခဲ့တာပါ။
“လွန်ကဲနေပြီဆိုတဲ့ စကားက သူဘာကိုဆိုလိုသလဲဆိုတာ ကျနော် အတိအကျမသိပါဘူး” လို့လည်း နေတန်ယာဟုက ဘိုင်ဒင်ရဲ့ မှတ်ချက်ကို ကိုးကား ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters