ဂါဇာကမ်းမြောင် တောင်ပိုင်းမြို့ ရာဖာရှိ ဒုက္ခသည်တွေ ခိုလှုံရာနေရာကို အစ္စရေး တိုက်ခိုက်မှုကြောင့် လူ ၃၇ ဦး သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ဒေသကျန်းမာရေးတာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရပ်သားတွေကို ကာကွယ်နိုင်မယ့် ခိုင်မာတဲ့အစီအစဉ် မရှိဘဲ ရာဖာကိုမတိုက်ဖို့ အစ္စရေးကို တိုက်တွန်းထားပါတယ်။
လူအများအိပ်ပျော်နေချိန် ရာဖာမှာ ဗုံးအကြီးအကျယ်စကြဲတာ ဖြစ်တဲ့အတွက် ဝရုန်းသုန်းကား ဖြစ်ကုန်ကြတယ်လို့ အဲဒီမှာနေထိုင်သူတွေက ရိုက်တာကို ပြောပါတယ်။ ရာဖာကို မြေပြင်ထိုးစစ်ဝင်လာတော့မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အစ္စရေးလေယာဉ်တွေ၊ တင့်ကားတွေနဲ့ သင်္ဘောတွေ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ပြီး ဗလီနှစ်လုံးနဲ့ နေအိမ်အများအပြား ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂါဇာတောင်ပိုင်းကို တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး အခု အဆုံးသတ်သွားပြီလို့ အစ္စရေးစစ်တပ်က ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဂါဇာကမ်းမြောင်က မြို့အများအပြား အစ္စရေးထိုးစစ်ကြောင့် ထောင်းလမောင်းကြေနေချိန်မှာ နောက်ဆုံးကျန်တဲ့ အီဂျစ်နယ်စပ်က ရာဖာမြို့တမြို့မှာ လူတသန်းလောက် ခိုလှုံနေကြရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နေတန်ယာဟုကတော့ ရာဖာက အရပ်သားတွေကို ဖယ်ထုတ်ပြီး ခြေကုပ်ယူထားတဲ့ ဟားမတ်စ်တပ်မတွေကို ချေမှုန်းနိုင်မယ့် အစီအစဉ် ရေးဆွဲဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters