Home
ဆောင်းပါး
ကလေးဘဝစိတ်ဒဏ်ရာကို ဆရာတိုင်းသိဖို့ ဘာကြောင့်လိုအပ်သလဲ 
DVB
·
February 12, 2024
Article 1_12022024

COVID-19 ကူးစက်ရောဂါ အကျိုးသက်ရောက်မှုတွေကြောင့် ကလေးငယ်တွေအကြား စိတ်ကျန်းမာရေး ပြဿနာတွေဟာ မြင့်တက်လာနေပါတယ်။

မသေချာ မရေရာတဲ့ ဒီကမ္ဘာကြီးမှာ မိသားစုတွင်းအကြမ်းဖက်မှုနဲ့ တခြား အလွဲသုံးစားပြုမှုမျိုးတွေ တိုးပွားလာနိုင်တဲ့ နည်းလမ်းအပြင် ကျောင်းဝန်ထမ်း‌တွေအားလုံးဟာ စိတ်ဒဏ်ရာနဲ့ ကလေးတွေရဲ့ ဒဏ်ရာဒဏ်ချက်‌ အကျိုးသက်ရောက်မှုကို လုံလောက်စွာ နားလည်မှုရှိမှသာ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။

ဆရာတွေနဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ကလေးတွေရဲ့ စိန်ခေါ်မှုရှိတဲ့ အပြုအမူတွေကို တုံ့ပြန်တဲ့အခါ စိတ်ဒဏ်ရာနဲ့ ဒုက္ခတွေအကြောင်း အသိပညာရှိမှသာ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။ ပညာရေးမှာတော့ အဲ့ဒီလို နားလည်မှုနဲ့ နည်းစနစ်တွေကို Trauma -informed pedagogy လို့ ခေါ်ပါတယ်။

ကလေးဘဝ စိတ်ဒဏ်ရာဆိုတာ ဘာလဲ

စိတ်ဒဏ်ရာ ဆိုတာကတော့ စိတ်ဖိစီးမှု  ဒါမှမဟုတ် စိတ်ထိခိုက်စရာ ဖြစ်ရပ်တခု  ဒါမှမဟုတ် အဖြစ်အပျက်တွေ ဒါမှမဟုတ် အတွေ့အကြုံတွေ ဆက်တိုက်ဖြစ်ပေါ်တာကို  တုံ့ပြန်တာ ဖြစ်ပါတယ်။

ကလေးအများစုဟာ အိမ်တွင်းပတ်ဝန်းကျင်မှာ ပြုစုပျိုးထောင်တာတွေ ရှိပေမဲ့လည်း သြစတြေးလျမှာတော့ အနိုင်အထက်ပြုတာနဲ့ လျစ်လျူရှုခံရတာတွေကြောင့် စိတ်ဒဏ်ရာရတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာတောင် ကောင်းပါတယ်။

ခန့်မှန်းခြေအားဖြင့် ကလေး‌တွေရဲ့ ၈ ဒသမ ၉ ရာခိုင်နှုန်းခန့်ဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ၈ ဒသမ ၆ ရာခိုင်နှုန်းဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ၈ ဒသမ ၇ ရာခိုင်နှုန်းဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းဟာ လျစ်လျူရှုခံရမှုတို့ကို တွေ့ကြုံ ခံစားကြရပါတယ်။ အတွေ့အကြုံတွေဟာ တိုင်းတာဖို့ ခက်ခဲတာကြောင့် နှုန်းထားတွေက ပိုမိုမြင့်မားနိုင်ပါတယ်။

မိသားစုအကြမ်းဖက်မှု၊ မိဘနဲ့ခွဲခွာမှု၊ မိဘတဦးက ထောင်ကျနေတာ ဒါမှမဟုတ် စိတ်ရောဂါရှိတာ ဒါမှမဟုတ် ချစ်ရသူကို ဆုံးရှုံးရခြင်းကြောင့် ဝမ်းနည်းပူဆွေးမှုတို့ကို သတိပြုတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာနဲ့ ဆင်းရဲဒုက္ခတွေ တွေ့ကြုံ ခံစားရနိုင်ပါတယ်။ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ မကြာသေးမီက တောမီးလို  သဘာဝဘေးအန္တရာယ်ကြောင့်လည်း စိတ်ဒဏ်ရာရနိုင်ပါတယ်။

COVID-19 ဟာ အိမ်ထောင်စုတွေမှာ စိတ်ဒဏ်ရာတွေနဲ့ ကြုံတွေ့ရမှုတွေ ပိုမိုများပြားလာစေပါတယ်။ သြစတြေးလျ မိသားစုတွေရဲ့ ၃ ပုံ ၁ ပုံခန့်ဟာ ငွေကြေးအခက်အခဲကို ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက် ကပ်ရောဂါဟာ မိသားစု အကြမ်းဖက်မှုအစ သို့မဟုတ် တိုးလာခြင်းနဲ့ တိုက်ဆိုင်နေပါတယ်။

စိတ်ဒဏ်ရာဟာ ကလေး‌တွေရဲ့ ဖွံ့ဖြိုးမှုနဲ့ အပြုအမူအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ဓာတ်ကျတာနဲ့ သတ်သေဖို့ ကြိုးပမ်းမှုတွေ၊ schizophrenia လို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။

အရေးကြီးတာကတော့ ကလေး‌တွေအားလုံး စိတ်ဒဏ်ရာကြောင့် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိတာ မဟုတ်ပါဘူး။ တချို့က သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ အားသာချက်တွေ အကြောင်း ပိုမိုလေ့လာသိရှိနိုင်တဲ့ ဒဏ်ရာလွန်ကြီးထွားမှုကိုပင် တွေ့ကြုံခံစားကြရပါတယ်။

ခိုင်မာတဲ့ သက်သေပြချက်တခုကဆိုရင် စိတ်ဒဏ်ရာဟာ သင်ယူမှုနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ဖွဲ့စည်းပုံတွေကို ထိခိုက်စေနိုင်ပြီး စိတ်ခံစားမှုနဲ့ အပြုအမူကို ထိန်းချုပ်နိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဟာ ကလေးတွေအတွက် သင်ယူဖို့၊ သူငယ်ချင်းအပေါင်းအသင်းဖွဲ့ဖို့နဲ့ ဆရာတွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ခက်ခဲစေပါတယ်။

စိတ်ဒဏ်ရာနဲ့ စိတ်ဒုက္ခတွေဟာ စာသင်ခန်းနဲ့ ကစားကွင်းတွေမှာ ကလေးတွေရဲ့ တွန်းအားထိန်းချုပ်မှုကိုလည်း နှောင့်ယှက်နိုင်ပါ‌သေးတယ်။

စိတ်ဒဏ်ရာကို အသိပေးတဲ့ အလေ့အကျင့်က ဘယ်လိုပုံစံလဲ။

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုဆိုင်ရာ တော်ဝင်ကော်မရှင်ဟာ ကျောင်းတွေကို “စိတ်ဒဏ်ရာ အသိပေးမှုရရှိစေရန်” အကြံပြုထားပါတယ်။ စိတ်ဒဏ်ရာကို အကြောင်းကြားရတာဟာ စိတ်ဒဏ်ရာကို ကုသဖို့ ဆရာတွေနဲ့ ကျောင်းတွေကို လေ့ကျင့်ပေးမယ်လို့ မဆိုလိုပါဘူး။ အဲ့ဒီအစား ကလေးတွေရဲ့ ဘဝအပေါ် သက်ရောက်မှု ရှိနိုင်တာကို နားလည်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းတွေမှာ စိတ်ဒဏ်ရာ အသိပေးမှု ရရှိစေဖို့အတွက် ကျောင်းဝန်ထမ်းတွေဟာ ကလေးဘဝ စိတ်ဒဏ်ရာရဲ့ အဖြစ်များမှုနဲ့ အကျိုးဆက်တွေအကြောင်း သိရှိဖို့ လိုအပ်ပါတယ်။ စိတ်ဒဏ်ရာဒဏ်ချက်ကြောင့် ဒုက္ခရောက်နေတဲ့ ကလေးတွေနဲ့လည်း ဘယ်လိုအလုပ်လုပ်ရမယ် ဆိုတဲ့ ကျောင်းဝန်ထမ်းတွေရဲ့ ယုံကြည်မှု တိုးမြင့်လာဖို့ကလည်း အရေးကြီးပါတယ်။

စိတ်ဒဏ်ရာ အသိပေးမှု ရရှိထားတဲ့ လက်တွေ့ဥပမာတွေကတော့…

  • ကလေးတွေကို သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းညှိဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ကလေးတွေကို သွန်သင်ဖို့နဲ့ ပံ့ပိုးမှုအား အကောင်းဆုံး သင်ကြားပေးဖို့ ပံ့ပိုးမှုဆိုင်ရာ အချက်အလက်တွေကို ဆရာတွေကို ထောက်ပံ့ပေးခြင်း။ အဲ့ဒီထဲမှာ ကလေးတွေကို သူတို့ရဲ့စိတ်ခံစားမှုတွေကို ခွဲခြားသိမြင်စေဖို့နဲ့ သူတို့နဲ့ ရွယ်တူတွေရဲ့ အခြေအနေကို သိရှိနားလည်ဖို့၊ သူတို့နဲ့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ တခြားသူတွေကို  စစ်ဆေးကြည့်ရှုဖို့တွေ ပါဝင်ပါတယ်။
  • ကျောင်းသားတွေကို စိတ်ဒဏ်ရာ ဒါမှမဟုတ် ရန်လိုမှုဖြစ်စေတဲ့ ကျောင်းမူဝါဒတွေနဲ့ အလေ့အကျင့်တွေကို အကဲဖြတ်တာနဲ့ ပြန်လည်ပြင်ဆင်တာ (ဥပမာ ကျောင်းသားတဦးတည်း နေထိုင်ခြင်းဆိုင်ရာ အလေ့အကျင့်တွေ)
  • တရားထိုင်တာလို ကိုယ်တိုင် ဂရုစိုက်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ဝန်ထမ်းတွေကို  ထောက်ပံ့ပေးခြင်းအားဖြင့် ပင်ပန်းဆင်းရဲမှုနဲ့  စိတ်ဒဏ်ရာ ဒဏ်ချက်တို့ကြောင့် ထိခိုက်ခံစားရတဲ့ ကလေးတွေနဲ့ အလုပ်လုပ်တဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ သိပါလိမ့်မယ်။
  • ကျောင်းသားတွေရဲ့ အားသာချက်တွေကို အသိအမှတ်ပြုဖို့နဲ့ ကျောင်းသားတွေကို သူတို့ရဲ့ ကိုယ်ပိုင်သင်ယူမှုပန်းတိုင်တွေ ဖွံ့ဖြိုးတိုးတက်စေတဲ့နေရာမှာ ကူညီပေးဖို့ ဝန်ထမ်းတွေကို အားပေးကူညီခြင်း။

စိတ်ဒဏ်ရာအသိပေးမှု ရရှိထားသည့် အလေ့အကျင့်သည် ဆရာများကို ကူညီပေးနိုင်သည်။

ဆရာတွေနဲ့ ကျောင်းစီမံအုပ်ချုပ်သူတွေဟာ သူတို့ဆီမှာ လုပ်ဆောင်ရမယ့် မြင့်မားတဲ့ တောင်းဆိုမှု‌တွေ ရှိနေပြီဖြစ်ပြီး သူတို့ရဲ့အလုပ်မှာ နောက်ထပ်ဝန်ထုပ်ဝန်ပိုးတခု ထပ်တိုးလာဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စိတ်ဒဏ်ရာ-အသိပေး အလေ့အကျင့်ဟာ အပိုအလုပ်တခု မဟုတ်ပါဘူး။ ဒီအစီအစဉ်က ကျောင်းဝန်ထမ်းတွေနဲ့ ကျောင်းသားတွေရဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ သူတို့ရဲ့ ကျောင်းတွင်း ထိတွေ့ဆက်ဆံမှုနဲ့ သင်ယူမှုတို့ကို မြှင့်တင်ဖို့ မတူညီတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

ဗစ်တိုးရီးယားက ဆရာတွေနဲ့အတူ သုတေသန ပညာရှင်တွေရဲ့ သုတေသနပြုချက်မှာ သူတို့ဟာ စိတ်ဒဏ်ရာရှိတဲ့ ကလေးတွေကို နားလည်ပြီး ပံ့ပိုးပေးနိုင်စေဖို့ ပံ့ပိုးကူညီမှုနဲ့ လေ့ကျင့်မှုတွေကို ပိုမိုလိုချင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

တချို့သော အမေရိကန် သုတေသနပြုချက်တွေအရ ကျောင်းတွေမှာ စိတ်ဒဏ်ရာ အသိပေးမှု ရရှိထားတဲ့ လေ့ကျင့်မှုနဲ့ လုပ်ငန်းစဉ်တွေဟာ စိတ်ဒဏ်ရာနဲ့ ဘေးဒုက္ခကြောင့် ထိခိုက်ခံစားရတဲ့ ကလေးတွေကို တုံ့ပြန်ရာမှာ ဝန်ထမ်းတွေရဲ့ အသိပညာနဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ကြောင်း အကြံပြုထားပါတယ်။

ကျောင်းတွေမှာ စိတ်ဒဏ်ရာအသိပေးမှု ရရှိထားတဲ့ အလေ့အကျင့်ရဲ့ အကဲဖြတ်ချက်တွေဟာ ဒီအစီအစဉ်တွေမှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိကြောင်း ပြသပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ သုတေသနတွေ အားနည်းနေပြီး နောက်ထပ် လိုအပ်နေပါတယ်။ စိတ်ဒဏ်ရာဒဏ်ချက်အပေါ် အကဲဆတ်စွာ တုံ့ပြန်တဲ့ ဆရာတွေဟာ ကလေးတွေကို ကျောင်းမှာ ပိုမိုကောင်းမွန်စွာ ပါဝင်စေပြီး သူတို့ကို နေရာပါဝင်စေတဲ့ ခံစားချက်မျိုး ပေးနိုင်ပါတယ်။ အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေနဲ့ ကျောင်းဆိုင်းငံ့မှုတွေကိုလည်း လျှော့ချနိုင်ပါတယ်။

ကလေးတွေအပေါ် စိတ်ဒဏ်ရာရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး အသိပညာ ပြုစုပျိုးထောင်ခြင်းဖြင့် ဆရာတွေဟာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေ ဖြစ်ထွန်းလာကာ ထိုကလေးတွေနဲ့အတူ ယုံကြည်မှု ပိုရှိလာနိုင်ကာ စာသင်ခန်းတွင်း အနှောင့်အယှက်တွေ နည်းပါးလာပါတယ်။ ဒါဟာ အလုပ်ကို စိတ်ကျေနပ်မှု တိုးလာစေပြီး ပင်ပန်းနွမ်းနယ်မှု ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

ကာရန်မာတင်၊ အီမလီဘာဂါ

ဘာသာပြန်-လီလီ

Source: The conversation

(ဩစတြေးလျအနောက်ပိုင်းတက္ကသိုလ် လက်ထောက်ပါမောက္ခ Karen Martin နဲ့   Monash တက္ကသိုလ် ကထိက Emily Berger တို့   The conversation ဝက်ဆိုက်မှာ ပူးပေါင်း ရေးသားထားသည့် “Why every teacher needs to know about childhood trauma” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။”)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024