Home
မြန်မာသတင်း
တနင်္သာရီ အမြောက်တပ်အနီး ပြည်သူ ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
February 12, 2024
Maw Tone_12022024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၉ နာရီလောက်က အရပ်သားပြည်သူ တယောက် မိုင်းနင်းမိပေါက်ကွဲခဲ့လို့ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မိုင်းနင်းမိသူဟာ အရှေ့မော်တုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးဟာဂျီ ဆိုသူဖြစ်ပြီး ၃၀၆ အမြောက်တပ်ရင်းအနီးရှိ သူနဲ့ခင်မင်တဲ့ မိတ်ဆွေတဦးရဲ့ နေအိမ်ကို လာရင်းနဲ့ နောက်ထပ်မိတ်ဆွေတဦးနေအိမ်ကို သွားဖို့အတွက် လမ်းကြားကဖြတ်သွားချိန် မိုင်းနင်းမိ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ကျေးရွာနေ အမျိုးသမီးတဦးက “တပ်ရင်းအရှေ့ဘက်မှာ မြို့ဟောင်းကုန်းရှိတယ်။ အဲဒီနားတဝိုက်မှာ အိမ် လေးဆောင် ငါးဆောင်လောက်ပဲရှိတယ်။ ရွာမှာဆိုတော့ တအိမ်နဲ့တအိမ် ဖြတ်ပြီးသွားတဲ့လမ်းတွေ ရှိတယ်ဆိုတော့ လမ်းကြားကဖြတ်သွားရင်း မိုင်းနင်းမိတာပါ” လို့ ပြောပါတယ်။

မိုင်းနင်းမိပေါက်ကွဲခဲ့တာကြောင့် ဦးဟာဂျီရဲ့ ခြေထောက်နှစ်ဖက်စလုံးမှာ အခင်းဖြစ်တဲ့နေရာမှာပဲ ပြတ်သွားခဲ့တယ်လို့ သိရပြီး အခုလက်ရှိ မြိတ်မြို့က တပ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်မော်တုန်းရွာခံတဦးက “ခြေထောက်က မိုင်းထိကတည်းက နှစ်ဖက်လုံး ပြတ်သွားတာ။ မြိတ်က စစ်တပ်ဆေးရုံမှာ ဆေးကုသနေရတယ်” လို့ ပြောပါတယ်။

အဆိုပါမိုင်းမှာ အရှေ့မော်တုန်းရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းကနေ ထောင်ထားတဲ့မိုင်း ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက အတည်ပြု ပြောဆိုပါတယ်။

အခုလိုဖြစ်ရပ်မျိုး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်ကလည်း အဲဒီတပ်ရင်းအနီးရှိ တောင်ပေါ်နားမှာ ဝါးခုတ်ဖို့သွားတဲ့ အသက် ၄၀ အရွယ် ကိုကာမီ ဆိုသူလည်း စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ ဝင်ရောက်တိုက်ခိုက်တာတွေ ကြုံနေရပြီးနောက် တပ်ရင်းပတ်ပတ်လည်မှာ မြေမြှုပ်မိုင်း ထောင်တာတွေ လုပ်ဆောင်လာတာ‌ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024