ရခိုင်ပြည်နယ်၊ ကျောက်ဖြူလေဆိပ်မှာ ကျောက်ဖြူ-ရန်ကုန် လေယာဉ်စီးခရီးသည်တွေ အနေနဲ့ ကျောက်ဖြူခရိုင် ထွေအုပ်ရုံးရဲ့ ထောက်ခံချက် တောင်းခံရမှာဖြစ်ကြောင်းနဲ့ သာမန် ခရီးသည် ပြည်သူတွေကို စီးနင်းခွင့် ပိတ်ပင်လိုက်ကြောင်း ကျောက်ဖြူလေဆိပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်က ကျောက်ဖြူခရိုင် ထွေအုပ်စည်းဝေးခန်းမမှာကျင်းပတဲ့ အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အရ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး သာမန်လေယာဥ်စီးခရီးသည်တွေကို စီးနင်းခွင့်မပြုတော့ဘူးလို့ လေဆိပ်ဝန်ထမ်းတဦးက ပြောပါတယ်။
“ကျနော်တို့ဆီကို မနေ့က Date နဲ့ စာဝင်ထားပါတယ်။ ကျောက်ဖြူကနေ ရန်ကုန်ကို လိုက်ပါမယ့် ခရီးသည်တွေက မိမိတို့သွားမယ့်ရက် မတိုင်ခင် ခရိုင်ထွေအုပ်ရုံးမှာ ထောက်ခံချက်ယူပြီးမှသာ စီးနင်းလို့ရတော့မယ်။ ဥပမာ ကျန်းမာရေးကိစ္စနဲ့ ရန်ကုန်သွားမယ့် သူတွေလိုပေါ့။ ရိုးရိုး သာမန်ပြည်သူတွေ အနေနဲ့တော့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး လေယာဥ်စီးနင်းခွင့် လုံးဝမရှိတော့ပါဘူး။”
ကျောက်ဖြူ-ရန်ကုန် လေကြောင်းလိုင်းနဲ့ ခရီးသွားဖို့ လက်မှတ်ကြိုတင်ဝယ်ယူထားသူတွေ အနေနဲ့ ခရိုင်ထွေအုပ်ရုံးမှာ ထောက်ခံချက် တင်ပြတောင်းခံနိုင်ကြောင်းနဲ့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေမှလည်း ခရီးသည်တွေကို ကြိုတင်အကြောင်းကြားထားပေးကြဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
အဲ့ဒီလေကြောင်းခရီးစဉ်နဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကျောင်းတက်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုသာ စီးခွင့်ပြုတော့မှာဖြစ်ကြောင်း သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီ အရာရှိပိုင်းတွေနဲ့ သူတို့မိသားစုဝင်တွေကို လေကြောင်းလိုင်း အသုံးပြုကာ ပြောင်းရွှေ့နေကြတာကြောင့် အခုလို စီးနင်းခွင့် ပိတ်ပင်ထားတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။