ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီကနေ့မွန်းလွဲပိုင်းက ယာဉ်တိမ်းမှောက်ပြီး ကိုရင် ၁၁ ပါး နဲ့ ကျောင်းသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖေးမကူညီပရဟိတအသင်းထံက သိရပါတယ်။
ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မန္တလေးကနေ စိန်ဖူးတော်ပင့်ပြီး ပြန်လာတဲ့ ပဲခူးမွန်ပရိယတ္တိယစာသင်တိုက်မှ ကန်တာကားဟာ ဖေဖော်ဝါရီ ၁၂ ရက် ဒီကနေ့မွန်းလွဲ ၃ နာရီလောက်က အောင်စိုးမိုးဆီဆိုင်အကျော်မှာ ဘရိတ်ပေါက်ကာ Super Custom ကားကိုဝင်တိုက်မိပြီးနောက် မြောင်းထဲတိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ ဦးဇင်း ၃ ပါး၊ ကိုရင် ၁၆ ပါး နဲ့ ကျောင်းသား ၆ ဦး ထဲမှ ကိုရင် ၁၁ ပါးနဲ့ ကျောင်းသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေးမကူညီပရဟိတအသင်းတာဝန်ရှိသူတဦးက "မော်လဲမြိုင် ပဲခူးမွန်ပရိယတ္တိယစာသင်တိုက်က မန္တလေးမှာ စိန်ဖူးတော်ပင့်ပြီးပြန်လာတာ ညောင်ခါးရှည်ရောက်တော့ ဘရိတ်ပေါက်ပြီး အရှေ့ကားကို ဝင်ဆောင့်တော့ ဆွဲချလိုက်တာ မြောင်းထဲကားက ကျသွားတာ။ ကိုရင် ၄ ပါးက ကြီးကြီးမားမားဒဏ်ရာရတယ်၊ ကျန်တဲ့ကိုရင်တွေကတော့ သွားကျိုး၊ ပွန်းပဲ့ဒဏ်ရာရတယ်။ ကျောင်းသားတယောက်ကတော့ လက်တဖက် လုံးဝပြုတ်သွားတယ်" လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ကိုရင် ၁၁ ပါးနဲ့ ကျောင်းသား ၁ ဦးတို့ကို ဖေးမကူညီပရဟိတအသင်းနဲ့ အနီးနားရှိ ပရဟိတအသင်းတွေက ညောင်ခါးရှည်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပြီး အဲ့ကနေတဆင့် ဝေါဆေးရုံကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။
ဝေါမြို့နယ်၊ အဗျာကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်ကလည်း ယာဉ် ၃ စီးဆင့်တိုက်ပြီး ၁ ဦးသေဆုံးခဲ့ကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။