တောင်တရုတ်ပင်လယ်ထဲက စကားဘိုရို ရေတိမ်သောင်ခုံနားမှာ ဒီလအတွင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် (PCG) ရဲ့ ရေယာဉ်က ကင်းလှည့်နေတုန်း တရုတ်စစ်တပ်က အန္တရာယ်ရှိရှိ ပိတ်ဆို့ခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ဖေဖော်ဝါရီ ၁၁ ရက်မှာ စွပ်စွဲခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က ၃၁၈ ပေ ရှည်လျားတဲ့ ဖိလစ်ပိုင် ရေယာဉ် BRP ထရေဇာ မက်ဘန်နူဝါ ကင်းလှည့်နေတုန်း တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်မျိုးစုံက ပိတ်ဆို့ထားတာကို မောင်းသူမဲ့လေယာဉ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်က ပြသထားပါတယ်။
တရုတ်ရေကြောင်း ပြည်သူ့စစ်ရေယာဉ် ၄ စင်းလည်း ရေတိမ်သောင်ခုံနားမှာ ရှိနေတယ်လို့ PCG က ပြောပါတယ်။
ဖိလစ်ပိုင်မြို့တော် မနီလာမှာရှိတဲ့ တရုတ်သံရုံးက တနင်္လာနေ့မှာ ပိတ်ထားတာကြောင့် စွပ်စွဲချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ပါဘူး။
ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်သင်္ဘောဟာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေ မိရိုးဖလာ ငါးဖမ်းမြေမှာ နောက်ထပ် နှောင့်ယှက်မှုတွေကနေ ကာကွယ်ဖို့ ဒီဒေသမှာရှိနေတာလို့လည်း PCG က ပြောပါတယ်။
တရုတ်သင်္ဘောတွေဟာ အန္တရာယ်များတဲ့ ပိတ်ဆို့တားဆီးမှု ၄ ကြိမ်လုပ်ခဲ့ပြီး PCG သင်္ဘောငယ်ကို ၂ ကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
တရုတ်က နှစ်စဉ် သင်္ဘောနဲ့ ကုန်ကူးသန်းရောင်းဝယ်ရေးမှာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ကျော်ရှိတဲ့ လမ်းကြောင်းရှိတဲ့ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ တရုတ်က အခိုင်အမာ ပြောထားတာပါ။
တရုတ်ရဲ့ ပိုင်နက်တောင်းဆိုမှုဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့ရဲ့ သီးသန့် စီးပွားရေးဇုန်တွေနဲ့ ထပ်နေလို့ ပိုင်နက်အငြင်းပွားနေပါတယ်။
Source/Photo-Reuters