ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေက ဒေသတွင်းနဲ့ ပြည်တွင်းက နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေသိရဖို့ ရေဒီယိုကိုပဲ အားကိုးနားထောင်နေရပါတယ်။
ကရင်နီပြည်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်လိုက်တာကြောင့် စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေက သတင်းအချက်အလက်တွေသိရှိဖို့ ခဲယဉ်းသွားခဲ့ရပါတယ်။
စစ်ရှောင် အမျိုးသမီးတယောက်ကတော့ နိုင်ငံရေးအခြေအနေကြောင့် ကြိုတင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့၊ ဒေသတွင်း ဖြစ်ပျက်နေတာတွေ၊ ကျန်းမာရေး အသိတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ ရေရှားပါးမှုတွေ၊ လေကြောင်းအန္တရာယ် ကာကွယ်ရေးပိုင်းဆိုင်ရာ ပညာပေးမှုတွေ၊ ပြည်တွင်းနဲ့ ပြည်ပက သတင်းတွေကို ရေဒီယိုကနေ နားထောင်ပြီး ပြင်ဆင်မှုတွေ လုပ်ရတယ်လို့ ဆိုပါတယ်။
ရေဒီယိုနားထောင်တဲ့အတွက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမယ့်လည်း သတင်းအချက်အလက်တွေရယူနိုင်သလို ကောင်းသတင်း ဆိုးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်ရှောင် အမျိုးသားတယောက်ကလည်း ရေဒီယိုကို လူငယ်အရွယ် အသက် ၁၅ နှစ်မှာ နားထောင်ရင်းကနေ ခုလက်ရှိအခြေအနေအရ ကရင်နီပြည်ရဲ့ သတင်းတွေ၊ နိုင်ငံရေး အကြောင်းအရာတွေကို ဦးစားပေးနားထောင်ဖြစ်တယ်လို့ ပြောပါတယ်။