ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ပေးနေတဲ့ ကယ်ဆယ်ရေးသမားတွေကို စစ်ကောင်စီက ပစ်မိန့်ပေးထားတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဇရပ်ကြီးမြို့က စစ်ဘေးရှောင်ပြည်သူတွေကို တောင်ငူမြို့အဝင် စစ်တပ် စစ်ဆေးရေး ဂိတ်ကနေ ဝင်ရောက်ခွင့်မပေးတော့ဘဲ နောက်ကြောင်း ပြန်လှည့်ခိုင်းနေကြောင်းနဲ့ ကူညီကယ်ထုတ်ပေးနေတဲ့ ကယ်ဆယ်ရေးသမားတွေကိုလည်း ပစ်မိန့်ပေးထားတယ်လို့ သွားရောက်ကူညီကယ်ထုတ်ပေးခဲ့သူတယောက်က ပြောပါတယ်။
“ကျနော်တို့က ပြီးခဲ့တဲ့ ၈ ရက်နေ့တည်းက သွားကယ်ထုတ်ပေးနေတာပါ။ ၉ ရက်နေ့ကစပြီး စစ်ကောင်စီက ဂိတ်ထိပ်မှာ ပိတ်ထားလိုက်တယ်။ ဇရပ်ကြီးထဲ အဝင်မခံတော့ဘူး။ မြို့ထဲက ထွက်လာတဲ့ကားတွေမှာလည်း စစ်ရှောင်တွေပါလာရင် အတင်းဆင်းခိုင်းပြီး နောက်ပြန်လှည့်ခိုင်းတယ်။ အခု ပရဟိတသမားတွေကအစ အားလုံးပစ်မိန့်ပေးထားတော့ ခဏရပ်ထားရတာပေါ့။ အကောင်းဆုံးဖြစ်အောင် တိုင်ပင်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး ဇရပ်ကြီးမြို့မှာ KNU၊ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေမှာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ကားလမ်းမဘေးတွေမှာ နေထိုင်နေရကြောင်း ဒေသတွင်း ကူညီနေသူတွေဆီက သိရပါတယ်။