ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီနဲ့ လားရှိုးကြား လမ်းမပေါ်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ သိန္နီ တံတားကို ပြန်လည်ပြုပြင်ပြီးစီးလို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ဖြတ်သန်းသွားခွင့် ပြုပြီလို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကုန်သည်တယောက်က “ပြီးသွားပြီ။ ၈ ရက်နေ့ကတည်းက ပြီးသွားတာ။ တန် ၈၀ ထိ ဖြတ်လို့ရတယ် ပြောတယ်” လို့ ပြောပါတယ်။
ကြံစိုက်တောင်သူတွေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပြီး အဲဒီ သိန္နီ ကနေ လားရှိုးသွားတဲ့ လမ်းမပေါ်က နမ္မတူချောင်းကူး သိန္နီတံတားကို MNDAA အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ၆ ရက်ကြာ ပြုပြင်ခဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ သွားလာခွင့် ပေးလိုက်တာလို့ သိရကြောင်းလည်း သူက ပြောပါတယ်။
ပျက်စီးသွားတဲ့ အစိတ်အပိုင်းကို ဖျက်သိမ်းပြီး တံတားအဟောင်းရဲ့ နဂိုမူလ အုတ်မြစ်ပေါ်မှာ တန်ချိန် ၈၀ ခံနိုင်ဝန်ရှိတဲ့ သံမဏိတံတားအဖြစ် ပြန်လည် ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
တံတားကြီးရဲ့ ညာဘက် အောက်တောင့်နားမှာတော့ ယခင်က ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ဖွင့်ထားတဲ့ လူကူးတံတား၊ ယာယီတံတား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “သိန္နီတံတားကြီး သွားလို့ရပြီ။ မနေ့ ကတည်းက။ လားရှိုးတော့ ဝင်လို့မရဘူး။ နယ်စပ်ဖြတ်လို့ရဘူး။ မိုင်းလီ ထိရတယ်။ မိုင်းလီကနေ ဟိုပိတ် ကွင်းလမ်းကနေ သွားလို့ရတယ်။ လမ်းတော့ ကြမ်းတယ်။ ကားကြီးက မရဘူး။ ကားသေးပဲရတယ်။ ကားကြီးက တံတားဖြတ်ရရင်လည်း မိုင်းလီရွာ ကျော်လို့မှမရတာ။ ကားကြီး မလာတာ အကောင်းဆုံးပါ” လို့ ပြောပါတယ်။
လားရှိုး - သိန္နီ ခရီးသည် ယာဉ်မောင်း တယောက်ကတော့ အဲဒီ ပြည်ထောင်စုလမ်းမကြီး အတိုင်း လားရှိုးအထိ လက်ရှိ ဘယ်သူမှ မသွားရဲသေးဘူးလို့ ပြောပါတယ်။
သိန္နီကနေ လားရှိုးဘက် အထွက်က နမ္မတူ ချောင်းကူးတံတားကြီးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ဖောက်ခွဲခံရလို့ ကျိုးကျ ပျက်စီးသွားတာ ဖြစ်ပါတယ်။