စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ထားခဲ့တဲ့ အင်ငုတ္တို ရွာသား ၂ ယောက်အလောင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ ဒေသခံရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် ပေကုန်း(တ)ရွာက တဆင့် ကန့်ဘလူ–ကောလင်း အစပ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ပြောပြီး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အသက် ၅၀ အရွယ် ဦးသိန်းမြင့် ရုပ်အလောင်းကတော့ ဝမ်းဗိုက်နဲ့ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ထားတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။ နောက် အသက် ၃၀ အရွယ် ကိုချိုသန်း(ခ)ကိုအိုးစည် ရုပ်အလောင်းကတော့ ဦးခေါင်းကို သေနတ်ဒင်နဲ့ ထုသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကောလင်းမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကန့်ဘလူမြို့နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီ ၆၀၀၆ တပ်ကနေ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ကောလင်းဘက်ကို မြေပြင်စစ်ကြာင်းရော၊ လေယာဉ်နဲ့ပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြေပြင်စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် မြောက်ဘက်က ကျေးရွာတွေကို ဖြတ်သန်းသွားပြီး အခုလို စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးတဲ့ အရပ်သားတွေလည်း ဖမ်းဆီးခံ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။