Home
မြန်မာသတင်း
မုဒုံတွင် ကား ၁ စီး ချောင်းထဲကျပြီး ‌အမျိုးသား ၄ ဦး ဒဏ်ရာရ
DVB
·
February 11, 2024
Mudon Car crash_11022024

မွန်ပြည်နယ်၊ မုဒုံမြို့၊ မော်လမြိုင်-သံဖြူဇရပ်သွား မော်သံလမ်းမ၊ မင်းခန့်ကျော် စက်သုံးဆီအရောင်းဆိုင်အနီးရှိ  ကွေ့တကန်ချောင်း(နွားတံတား)ထဲကို ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်း ၃ နာရီ ၃၅ မိနစ်လောက်က ဟိုက်ဂျက်ကား ၁ စီး အရှိန်လွန်ပြုတ်ကျခဲ့ပြီး အမျိုးသား ၂ ဦး စိုးရိမ်ရဒဏ်ရာနဲ့ ကျန် ၂ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မုဒုံမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ပြုတ်ကျခဲ့တဲ့ ဟိုက်ဂျက်ကားဟာ သံဖြူဇရပ်ဘက်ကနေ မုဒုံကို မောင်းနှင်လာတာဖြစ်ပြီး ရှေ့ခေါင်းခန်းမှာ အသက် ၃၂ နှစ်အရွယ် ကိုမင်းကျော်ထိုက်နဲ့ အသက် ၃၅ နှစ်အရွယ် ကိုဟန်ထွန်းမြတ်၊ နောက်ခန်းမှာ အသက် ၁၅ နှစ်အရွယ် ကိုအောင်ကောင်းမြတ်နဲ့ အသက် ၁၈ နှစ်အရွယ် ကိုအောင်ကျော်ထက်တို့ လိုက်ပါလာတာဖြစ်ပါတယ်။

မြန်မာ့လူငယ်(မုဒုံ) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “နွားတံတားမှာ ကားတစီး ပြုတ်ကျနေတယ်ဆိုပြီး မနက် ၃ နာရီခွဲ ကျော်လောက်မှာ အရေးပေါ်ဖုန်းဝင်တယ်။ ကားလမ်းနဲ့ တံတားအောက်ဆို ၁၀ ပေကျော်လောက်မြင့်တယ်။ ဦးခေါင်းထိခိုက်မှု အနီရောင်အဆင့် လူနာ ၂ ဦးနဲ့ အဝါရောင်အဆင့် ၂ ဦး ရှိပါတယ်။ ကားက ဟိုက်ဂျက်ကားကို အ‌နောက်မှာ box တွဲထားတဲ့ ကားပါ။ သံဖြူဇရပ်ကနေ မုဒုံဘက်လာတဲ့ လမ်းမှာပါ”လို့ ဆိုပါတယ်။ 

ချောင်းထဲပြုတ်ကျတာကြောင့် ရှေ့ခေါင်းခန်းလိုက်ပါလာတဲ့ ကိုမင်းကျော်ထိုက်နဲ့  ကိုဟန်ထွန်းမြတ်တို့မှာ ညာဖက်မျက်ခုံးပြတ်ရှ၊ ခြေလက်ပွန်းပဲ့၊ ဦးခေါင်းအတွင်းထိခိုက်မှု စိုးရိမ်ရဒဏ်ရာတွေ ရရှိသွားပြီး အနောက်ခန်းက ၂ ယောက်မှာ ခြေလက်ပွန်းပဲ့၊ ဦးခေါင်းနဲ့ တံတောင်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယာဉ်မတော်တဆမှုနေရာကို မုဒုံမြို့မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာ့လူငယ် (မုဒုံ) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က ရောက်ရှိကယ်ဆယ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ‌တွေကို မုဒုံပြည်သူ့ဆေးရုံမှတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို  မြန်မာ့လူငယ်အသင်းယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-  မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024