မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့က တောင်ပေါ်ဒေသ ချင်းကျေးရွာတွေဆီကို ဓာတ်ဆီ၊ ဆန်နဲ့ စားသောက်ကုန်တွေသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေကြရပါတယ်။
ရခိုင်ရိုးမနဲ့ အမ်း-မင်းဘူး ကားလမ်းတလျှောက်က ချင်းကျေးရွာက ပြည်သူတွေဟာ စားသောက်ကုန်တွေကို ပဒါန်းမြို့ပေါ်ကနေ ဝယ်ယူစားသောက်နေရတာပါ။
ငဖဲမြို့နယ်ထဲက ပျဉ်းဝ၊ ကံမြင့်ကန်၊ တုံးကြီး စတဲ့ ကျေးရွာတွေက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ဆန် ၆ ပြည်အထက်၊ ဆား ၂ ပိဿာအထက်နဲ့ ဓာတ်ဆီကိုတော့ လုံးဝ သယ်ယူခွင့်မပြုဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆန်သယ်ယူတာကို ကန့်သတ်ထားတဲ့အတွက် ဒေသခံတွေ စားရေးသောက်ရေး ခက်ခဲနေကြတယ်လို့ ပဒါန်းမြို့ခံတယောက်က ပြောပါတယ်။
“၂၀၂၃ နိုဝင်ဘာ ၁၅ လောက်ကစပြီး ဂိတ်တွေမှာ တယောက်ချင်းစစ်တာ။ ဆန်ဆို ၆ ပြည်ထက် ပိုသယ်လို့မရဘူး၊ အိမ်ထောင်စု နည်းနည်း များများ သတ်မှတ်တာထက် ပိုသယ်လို့မရဘူး။ ငပိ၊ ဆားတွေလည်း ၂ ပိဿာလောက်ပဲ သယ်လို့ရတယ်၊ ဓာတ်ဆီကတော့ လုံးဝပေးမသယ်ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ငဖဲမြို့နယ်၊ ကျေးရွာ ၃ ရွာက ချင်းအမျိုးသား ၁၅ ယောက်ကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးသွားပြီး ၄ ယောက်ကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။