Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၃ နှစ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ ၄၂၀၀ ကျော်ရှိ 
DVB
·
February 10, 2024
peo 1022024

စစ်အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီရဲ့   ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရတဲ့  ပြည်သူ ၄,၂၅၁ ယောက်ရှိပြီး  အဲဒီထဲမှာ  အန်အယ်လ်ဒီ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်၊ ပါတီဝင်  ၁၀၀ နဲ့ အသက်မပြည့်တဲ့ကလေးသူငယ်  ၃၁၄ ယောက်တို့ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။   

စစ်အာဏာစသိမ်းချိန်ကစလို့  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် အထိ စစ်ကောင်စီရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး  လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (HRDT-NLD)က လက်လှမ်းမီ သလောက်နဲ့ တိကျတဲ့ မှတ်တမ်းတွေကို ပြုစုထားတာဖြစ်ပြီး ပကတိမြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆိုးဝါးဆုံး ကျူးလွန်မှုတွေကတော့ အပြစ်မဲ့ပြည်သူတွေကို  အကြောင်းမဲ့ ညဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ  ပြည်သူတွေကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာဒီ ၃ နှစ်လောက်အတွင်းမှာပဲ ဖမ်းဆီးခံရသူ  ၁၇,၂၇၇ ယောက် ရှိနေပြီး အဲထဲမှာ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်  ၁၄၄ ယောက်နဲ့ အဖွဲ့ချုပ်ပါတီဝင် ၁၉၀၅ ယောက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်ခုဖြစ်တဲ့ အရပ်သား ပြည်သူတွေနေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၇ ကြိမ် ရှိခဲ့ရာမှာလည်း  သေဆုံးသူ ၄၀၈ ယောက်နဲ့ ဒဏ်ရာရသူ ၁၅၅ ယောက်တို့ရှိခဲ့ကြောင်း ပြောပါတယ်။

ပြည်သူ ၇၈၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရပြီး   နစ်နာဆုံးရှုံးမှုပေါင်း ၉၆၆ ခု ရှိကြောင်း၊    အဖွဲ့ချုပ်ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်  ၁၉၈ ယောက်နဲ့ ပါတီဝင်  ၂၃၇ ယောက် စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့ဝင် ၄၃၅ ယောက်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၅၄၉ ခု ရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထား ကျူးလွန်တဲ  လုပ်ရပ်တွေဖြစ်ပြီး  နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး  စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလို ဆိုးရွားပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မျက်ကွယ်ပြုမထားဘဲ မြန်မာပြည်သူတွေအပေါ် လူသားချင်းစာနာ ထောက်ထားပြီး ချိုးဖောက်မှုတွေရပ်တန့်ဖို့နဲ့ ထပ်မံမဖြစ်ပွားဖို့၊ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြဖို့လည်း အန်အယ်လ်ဒီက တိုက်တွန်း ထားပါတယ်။

အခုသတင်းထုတ်ပြန်ချက်နဲ့ပက်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024