မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာကနေ စစ်သားတွေလိုက်လာတဲ့ ကားနဲ့ ဆိုင်ကယ် တို့ကို ပခုက္ကူ-ရေစကြိုကားလမ်းတနေရာမှာ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီလောက် တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး လက်နက်နှစ်လက်ရခဲ့တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force-UG) က ပြောပါတယ်။
"ဆင်ချောင်းပျူရွာကနေပြီးတော့ ပခုက္ကူဘက်ကိုထွက်လာတဲ့ အိမ်စီးကားတစ်စီးနဲ့ ဆိုင်ကယ်တစီးကို သတင်းကြိုရလို့ အနီးကပ်စောင့်ပြီးပစ်ခတ်ခဲ့တာပေါ့။ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က လက်ဦးမှုရခဲ့တာဆိုတော့ စစ်သားတဦးနဲ့ ပျူစောထီးတဦး နေရာတင် ကျသွားတယ်" လို့ Young Force UG အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။
ဆိုင်ကယ်ပေါ်ပါ စစ်သားတဦးနဲ့ ပျူစောထီးတဦး သေဆုံးခဲ့ပြီး သူတို့ ကိုင်ဆောင်တဲ့ ကာဘိုင်လက်နက်တလက်၊ G3 တလက်တို့ကို ရယူနိုင်ခဲ့ကြောင်း၊ ကားပေါ်ပါ စစ်သား ၅ ဦးရဲ့ အခြေနေကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ၊ Southern Yesagyo PDF နဲ့ ပခုက္ကူမြို့နယ် ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်က စစ်ကောင်စီ အထိုင်စစ်ဆေးရေးဂိတ် ၂ ခုကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဒရုန်းယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
ရေဦးမြို့ မြောက်ဘက်အထွက်နဲ့ ဂါဝီပန်းခြံ စစ်ကောင်စီဂိတ်စခန်း ၂ ခုကို ရွှေဘိုခရိုင်တပ်ရင်း ၁၄ က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရဲ့ တာဝန်ရှိသူ ဗိုလ်မိုက်တီးက “ကျနော်တို့ အခုမနက်ခင်း ၁၀ နာရီ ၄၅ က ဒေသခံတွေကို အနိုင်ကျင့် စစ်ဆေးရေးလုပ်ပြီး ဆက်ကြေးကောက်ခံနေတဲ့ ရေဦးမြို့ပေါ်က ဂါဝီစစ်ဆေးရေးဂိတ်ကို Fix Wings ဒရုန်းယာဉ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တယ်ဗျ။ ကျနော်တို့ ဒရုန်းယာဉ်သွားချတဲ့အချိန်မှာ စစ်ကောင်စီ ၈ ယောက် စုဖွဲ့ထိုင်နေတဲ့နေရာကို သွားချခဲ့တယ်ဗျ။ အဲလိုသွားချတော့ စစ်ဘက်က တယောက်က နေရာတင် သေဆုံးပြီး တယောက်က ဒဏ်ရာပြင်းထန် ရသွားတယ်။ နောက်ထပ် ၂ ယောက်ကတော့ ဒဏ်ရာရရုံအဆင့်လောက်ပဲ ရှိမယ်လို့ သိထားရတယ်ဗျ။ နောက်ပြီး ရေဦးမြို့မြောက်ဘက်က စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းယာဉ်နဲ့ သွားချနေပါတယ်ဗျ။ စစ်ကောင်စီအထိအခိုက်တော့ အခုမှ သွားချတုန်းဆိုတော့ ပြောလိုမရနိုင်သေးဘူး” လို့ ပြောပါတယ်။
ဂါဝီဂိတ်ဟာ ရေဦးမြို့ပေါ်က တိရစ္ဆာန်ဆေးရုံအနီးမှာ တည်ရှိပြီး အဆိုပါနေရာမှာ ရေဦးမြို့နယ်က ကျေးရွာတွေဆီ ပစ်ခတ်လို့ရအောင် လက်နက်ကြီး တပ်ဆင်ထားတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခု ဒရုန်းနဲ့သွားချတဲ့ ဂါဝီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၆ ရက်ကလည်း တကြိမ် ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။