ထိုင်းနိုင်ငံမှာ စစ်ကောင်စီကို ဝင်ငွေခွန်ပေးဆောင်နေသူ ဦးရေဟာ နေ့စဥ် အယောက် ၁,၀၀၀ လောက် ရှိတယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံရှိ စစ်ကောင်စီသံရုံးအနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်က စတင် အခွန်ကောက်နေတာဖြစ်ပြီး ဒီနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ ၃၅,၉၁၉ ဦး အခွန်ထမ်းဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို အခွန်ပေးဆောင်တာဟာ အလုပ်သမားတွေရဲ့ လိုလားတဲ့ဆန္ဒကြောင့် မဟုတ်ဘဲ အခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးပေးတဲ့ အကျပ်ကိုင်မှုကြောင့် ဖြစ်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတချို့က ပြောပါတယ်။
မဲဆောက်မြို့ရှိ မြန်မာလုပ်သားတဦးက “ဘယ်သူမှ လိုလိုလားလားမရှိဘူး။ အဲဒါကိုပဲ အခွန်တွေ အသည်းအသန် ဆောင်နေကြသယောင် ပုံဖော်နေတာ။ ပတ်စ်ပို့ အခက်အခဲ ရှိနေတော့ လွန်ဆန်ဖို့က မလွယ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ထိုင်းနိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဟောင်ကောင်ရောက် မြန်မာနိုင်ငံသားတွေကို ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို ဖိအားပေး ကောက်ယူနေတာ ဖြစ်ပါတယ်။
အဲဒီအခွန်ကို မပေးဆောင်ပါက ပတ်စ်ပို့သက်တမ်း မတိုးပေးသလို ကောင်စစ်ဆိုင်ရာလုပ်ငန်းတွေ လုပ်မပေးဘူးလို့ သက်ဆိုင်ရာသံရုံးတွေက ဆိုပါတယ်။
ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ အခွန်ဆောင်ထားကြတာဖြစ်လို့ အခွန်နှစ်ထပ် မပေးဆောင်နိုင်ကြောင်းနဲ့ စစ်ကောင်စီ ဝင်ငွေရလမ်းကို လက်မခံနိုင်ဘူးဆိုပြီး ထုတ်ဖော်ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှာ ငွေရပြေစာကို ပြသပြီး ငွေဖြူ (အခွန်ကင်းလွတ်ခွင့်ငွေ) တွက်ချက်ကာ မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ် စတာတွေဝယ်ရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမယ်ဆိုပြီး ဆွဲဆောင်ထားပါတယ်။
ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးက စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းခွင်တွေမှာ စုစည်း အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ တဦးချင်း လာရောက်အခွန်ထမ်းဆောင်ဖို့ မလိုဘဲ စက်ရုံအစီအစဉ်နဲ့ ကိုယ်စားလှယ်တဦးဦးကို အခွန်ထမ်းဆောင်မယ့်သူတွေကိုယ်စား စေလွှတ် ဆောင်ရွက်နိုင်တယ် ဆိုပြီးလည်း ထုတ်ပြန်ထားပါတယ်။