Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပြီး ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ 
DVB
·
February 9, 2024
cri 922024

ရန်ကုန် မင်္ဂလာဒုံမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်က ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် လူ ၁ ဦးသေ ဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန် အိမ်ရာရှေ့၊ ခရေပင်လမ်းခွဲမှ ၃ လမ်းဆုံသွားတဲ့လမ်းမဘက်မှာ ညနေ ၄ နာရီခွဲကျော်က ပရိုဘောက် တက္ကစီကနေ တိုယိုတာ ဟိုင်းအေ့ ကားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဟိုင်းအေ့ကား ရှေ့ပိုင်းနဲ့ တက္ကစီယာဉ်ရဲ့ကားမှန်၊ ကားရှေ့ခြမ်းတခုလုံး ပျက်စီးသွားပြီး တက္ကစီပေါ်ပါ အသက် ၂၀ ကျော် ခရီးသည် အမျိုးသား ၁ ဦးမှာ ကားထဲ ညှပ် ဒဏ်ရာရရှိနေခဲ့ကာ အသက် ၂၀ ကျော်အရွယ် ခရီးသည် အမျိုးသမီး ၂ ဦးမှာ ပွန်းပဲ့ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဆိုပါနေရာကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က လာရောက်ကူညီကယ်ဆယ်ခဲ့ကြပြီး လူနာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက “ခရေပင်ရိပ်မွန်ရှေ့မှာက တက္ကစီပရိုဘောက်နဲ့ အန်စာတုံးယာဉ်နဲ့ တိုက်တာ။ အန်စာတုံးပေါ်ကတော့ ဒဏ်ရာမရဘူး။ တက္ကစီပေါ်က ခရီးသည် အမျိုးသမီး ၂ ဦးနဲ့ ခေါင်းခန်းက ညပ်နေတဲ့ အမျိုးသား ၁ ဦးကိုတော့ မေဓါဝီဆေးရုံ ပို့ဆောင်ကူညီထားပါတယ်။ အမှတ် ၃ လမ်းမ၊ တရားရုံးရှေ့မှာက ညက ၉ နာရီလောက်က ဖြစ်တာ။ စက်ဘီးသမားကို တက်စီကပဲ ဝင်တိုက်ပြီး ထွက်ပြေးသွားတာ။ စက်ဘီးသမားက နေရာမှာတင် ပွဲချင်းပြီး သေဆုံး။ လက်ရှိကတော့ ပိုင်ရှင်မပေါ်သေးဘူး”လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ မြောက်ဥက္ကလာပမှ ထောက်ကြန့်ဘက်သွားတဲ့ဘက်က တရားရုံးမှတ်တိုင်အနီးမှာ ဘတ္ထရီစက်ဘီးနင်းလာသူ ၁ ဦးကို တက္ကစီတစီးက ည ၉နာရီ ၁၅ မိနစ်လောက်မှာ ဝင်တိုက်မောင်းပြေးသွားပါတယ်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာသူ အသက် ၃၀ အရွယ် အမျိုးသားမှာ ဦးခေါင်းထိခိုက်မှုဒဏ်ရာနဲ့ အဆိုပါနေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

သေဆုံးသူရဲ့ ဘယ်လက်ဖျံမှာ North Side ”စာသားတက်တူးနဲ့ ညာလက်မောင်းမှာ နေပုံစံ တက်တူး ထိုးထားပြီး အခြားကိုယ်ရေးအချက်အလက်နဲ့ မိသားစုဝင်တွေကို အဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ်။ 

ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပ မေဓါဝီဆေးရုံ၊ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားပါတယ်။ 

မင်္ဂလာဒုံမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက် တနေ့တည်း ကားတိုက်ခံရမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား၂ ဦး သေဆုံးကာ လူ ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

ဓာတ်ပုံ- ပုလဲအရန်မီးသတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024