မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မနက် အစောပိုင်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦး ရေတွင်းထဲခုန်ချခဲ့တာကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အသက် ၄၀ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးဟာ ဒီနေ့မနက် ၄ နာရီခန့်မှာ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်း နေအိမ်မှာရှိတဲ့ ရေတွင်းထဲကို ခုန်ချခဲ့ပါတယ်။
ရေတွင်းထဲကျသွားတဲ့ အမျိုးသမီးကို နေအိမ်မှာရှိတဲ့သူတွေက အပေါ်ကိုဆွဲတင်ဖို့ ကြိုးစားခဲ့ပေမဲ့ မရတာကြောင့် ပရဟိတအသင်းတွေကို အကူအညီ တောင်းခဲ့ပါတယ်။
အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “သူက ၄ နာရီလောက်တည်းက ပြုတ်ကျတာ။ အိမ်ကလူတွေက ဆယ်တာမရလို့ ကျနော်တို့ဆက်တာ ၄ နာရီခွဲလောက်ရှိပြီ။ ကျနော်တို့ရောက်တော့ အိမ်ကလူတွေက သူ့အောက်မှာ တုံးတွေ ဘာတွေ ခံထားပေးတယ်။ ခန္ဓာကိုယ်က လေးတော့ မီးသတ်ကို အကူအညီတောင်းပြီး ပူးပေါင်းကယ်ဆယ်ခဲ့ရတယ်။ မနက်အစောကြီး ရေတွင်းထဲမှာ ၁ နာရီကျော်လောက် နေလိုက်ရတော့ အအေးတက်တာပဲရှိတယ်။ တခြားဒဏ်ရာတော့မရဘဲ ကျန်းမာရေးကောင်းတယ်” လို့ ပြောပါတယ်။
ရေတွင်းထဲကျသွားတဲ့ အမျိုးသမီးကို အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ မော်လမြိုင်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းကယ်တင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ အမပူရမြို့နယ်၊ ဖက်တန်းရပ်ကွက်မှာ ဒီဇင်ဘာ ၅ ရက် မနက် ၄ နာရီလောက်က အသက် ၂၀ အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦး ရေတွင်းထဲ ခုန်ချခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။