ပဲခူးတိုင်းအရှေ့ခြမ်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့နယ်အတွင်းမှ စစ်ရှောင်တွေကို ထန်းတပင် မြို့နယ်အဝင်တံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က သွားလာခွင့်မပေးဘဲ ပိတ်ဆို့ တားမြစ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က စတင်ပြီး စစ်ရှောင်တွေကို ခေါ်ထုတ်လာတဲ့ လူနာတင်ယာဉ်နဲ့ကားအမျိုးမျိုးကို စစ်ဆေးပြီး ဖြတ်သန်းခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။
မြို့ခ်တဦးက "ကားတွေကို စစ်ပြီး စစ်ရှောင်တွေပါလာတယ်ဆိုရင်ကို ပေးမဖြတ်တော့တာ။ တခြားဖြတ်သန်းသွားတဲ့ ခရီးသွားကားတွေတော့ ပေးသွားတယ်။ ကူညီပေးတဲ့ ပရဟိတအဖွဲ့တွေကို စစ်ဆေးတာတွေလည်း လုပ်တယ်။ စစ်ရှောင်တွေကို ထားခဲ့မှ ပရဟိတ အသင်းတွေကို ပြန်လို့ရမယ်လို့ ပြောတယ်။ အခု စစ်ရှောင်တွေအားလုံးက တံတားထိပ်မှာ ဆင်းကျန်ခဲ့ရတယ်” လို့ ပြောပါတယ်။
ညနေ ၃ နာရီကျော်မှာ စစ်ရှောင်တွေကို လာရောက်ခေါ်ထုတ်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ပေမဲ့ စစ်ရှောင်အားလုံးကို ဇရပ်ကြီးမြို့နယ်ဘက်ခြမ်းရှိ တံတားထိတ်မှာပဲ ထားခဲ့ပြီးမှ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ပရဟိတအဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီအဖွဲ့ဝင်တွေက လုံခြုံရေးဂိတ်ကို ခေါ်ကာ စစ်ရှောင်တွေကို လာရောက် ခေါ်ထုတ် ပေးတာမျိုး မလုပ်ဆောင်ဖို့နဲ့ လာရောက်ပါက ဖမ်းဆီးအရေးယူသွားမယ်ဆိုပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှစတင်ပြီး ဇရပ်ကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီလေကြောင်းက လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ပြည်သူအများအပြား ထန်းတပင်မြို့နဲ့ တောင်ငူမြို့တို့ကို စစ်ရှောင်နေကြရပြီး မြို့တွင်း ပိတ်မိသူတွေ၊ လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။