စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ လေကြောင်းအန္တရာယ်နဲ့ ဗုံးခိုကျင်း စနစ်တကျတူးနိုင်ဖို့ အသိပညာပေး သင်တန်းတွေ ပြုလုပ်ပေးနေတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပုလဲမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၁၀ ရက်နေ့အထိ ကျေးရွာ ၁ ရွာကို ၁ ရက်နှုန်းနဲ့ သင်တန်းတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။
လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်ကျန်လက်နက်ပစ္စည်း၊ ဗုံးခိုကျင်း စနစ်တကျတူးနိုင်ဖို့ စတဲ့ အသိပညာပေး သင်တန်းတွေကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့က ပြုလုပ်ပေးနေတာလို့ သိရပါတယ်။
ပုလဲမြို့နယ် ပအဖတာဝန်ခံက “စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်တော့ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူတွေကို စစ်ရေးအရ ပြန်လှန်ထိုးစစ်တွေ လာတဲ့အခါ အဆိုးဆုံး အန္တရာယ်ကျရောက်နိုင်တဲ့ ရွာတွေကို ကနဦး ရွေးချယ်ပြီး အသိပညာပေး သင်တန်းတွေ လုပ်ပေးတာပါ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်က ကျေးရွာတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO၊ CSO တွေက မိုင်းနဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် စကားဝိုင်းတွေ မကြာခဏ ပြုလုပ်ပေးလေ့ ရှိတယ်လို့လည်း သိရပါတယ်။