ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ မော်တော်ကားတစီး ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
နန့်မွန်းမြို့နယ် အင်းသာကျေးရွာနဲ့ ဟဲပါးကျေးရွာအနီးမှာ အင်းတော်ကြီးဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မော်တော်ကားတစီးကို တားဆီးရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့တဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူ ဒေသခံတဦးက “မနက်အစောကြီး ၆ နာရီလောက်က KPDF က ကားအဝင်အထွက်တွေ စစ်နေတုန်း AD Van တစီးက စစ်ဆေးတာမခံယူဘဲ မောင်းပြေးတယ်။ မောင်းပြေးတဲ့အတွက် PDF က လိုက်ပစ်တာ ကားက လမ်းဘေးထိုးကျသွားပြီး အထဲကလူတွေ ထွက်ပြေးသွားတယ်။ အဲ့ဒီ ကားထဲမှာ ပါတာက ရဲတွေ။ ပစ်ခတ်ခံရလို့ နယ်ထိန်းတယောက် သေတယ်။ နောက် ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
မော်တော်ယာဉ်စစ်ဆေးရာမှာ ရပ်တန့် စစ်ဆေးမခံဘဲ မောင်းနှင်ပြေးတဲ့ AD Van မော်တော်ယာဉ်ပေါ်မှာ အင်းတော်ကြီးမြို့နယ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF က ပစ်ခတ်ခဲ့တဲ့အတွက် နယ်ထိန်းရဲတဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရကာ တခြားရဲတပ်ဖွဲ့ဝင်တွေက မော်တော်ကားကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြတာပါ။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်းတော်ကြီးမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အင်းတော်ကြီးမြို့နယ် (လုံးတုံ) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နယ်ထိန်းတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာရပြီး တခြားတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်ကို စွန့်ခွာထွက်ပြေးခဲ့တဲ့အတွက် အဲဒီမော်တော်ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အင်းတော်ကြီး KPDF က သတင်းထုတ်ပြန်ထားပါတယ်။