Home
ဆောင်းပါး
တပိုင်းသေနေတဲ့ လုံခြုံရေးကောင်စီ
DVB
·
February 9, 2024
Article_UNSC_09022024

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစွမ်းကုန် မသိချင်ယောင်ဆောင်ခြင်း ခံခဲ့ရတဲ့ မြန်မာ့အရေးဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့  တံခါးပိတ်အစည်းအဝေးအဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကောက်ကာငင်ကာ အရေးကြီးပြခဲ့ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၄,၄၈၄ ဦး စစ်အုပ်စုလက်ချက်နဲ့ ကျဆုံးသွားပြီဖြစ်တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ လုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်စည်းဝေးတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် - ၂၆၆၉ ကို စစ်အုပ်စုက ၁၃ လကျော်ကြာ အကြမ်းဖက်ခြင်းမျိုးစုံနဲ့ ဆုတ်ဖြဲပစ်ရဲခြင်း အထိမ်းအမှတ် တံခါးပိတ်အစည်းအဝေးလို့ ဆိုရင်လည်း မမှားပါဘူး။

လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးကျင်းပတဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာပဲ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီရွာနဲ့ လွိုင်နန်းဖရွာရှိ စစ်ရှောင်ကလေးငယ်တွေကို စာသင်ကြားနေတဲ့ ကျောင်းပေါ် စစ်တပ်က လေကြောင်းကနေ ၁၀ ကြိမ် ဗုံးကြဲခဲ့ရာမှာ အလယ်တန်းကျောင်းသား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ စုစုပေါင်း ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့ တံခါးပိတ်အစည်းအဝေးဟာ မြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ ပြတ်ပြတ်သားသား စိန်ခေါ်ခြင်းခံရတဲ့ အစည်းအဝေးလို့လည်း ဆိုနိုင်ပါတယ်။

တံခါးပိတ်အစည်းအဝေးကနေ ဘယ်လိုရလဒ်မျိုးတွေ ထွက်ပေါ်လာပါသလဲ။ လုံခြုံရေးကောင်စီရဲ့ ဘုံဆုံးဖြတ်ချက် ဘာမှထွက်မလာပါဘူး။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာပိုင် ရုရှားက လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်သင့်ဘူးလို့ ဆိုသလို တရုတ်ကလည်း မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို အချိန်နဲ့ လုပ်ပိုင်ခွင့် ပိုပေးဖို့လိုအပ်ကြောင်း အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြောရရင် ယူကရိန်းကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ရုရှားဟာ မြန်မာစစ်အုပ်စု သက်ဆိုးရှည်စေရေးအတွက် လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့်ကနေ အတိအလင်း အကာအကွယ်ပေးလိုက်ခြင်းဖြစ်ပြီး မြန်မာ့အရေးကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား အရှက်မရလိုတဲ့ တရုတ်ကတော့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ရှေ့ဆက်မတိုးလာအောင် ပါးနပ်စွာနဲ့ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အလွယ်တကူ နားလည်နိုင်ပါတယ်။ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကနေ ဘုံဆုံးဖြတ်ချက်တရပ် ဘာကြောင့်မထွက်လာသလဲဆိုတာ ထုတ်ဖော်ပြောကြားကြခြင်း မရှိပေမဲ့ ရုရှားနဲ့ တရုတ်ရဲ့ ကန့်ကွက်မှုကြောင့်လို့ ရဲရဲကြီး ယုံကြည်လိုက်လို့ ရပါတယ်။

မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးအပြီးမှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အလှည့်ကျအဖွဲ့ဝင် ၆ နိုင်ငံတို့ ပေါင်းပြီး ပူးတွဲကြေညာချက် ထုတ်ပြန်တာတော့ ရှိပါတယ်။

အဲဒီကြေညာချက်ထဲမှာ အရပ်သားတွေအပေါ် ထိခိုက်စေတဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု မှန်သမျှ ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ လွတ်လပ်စွာ ပေးခွင့်ပြုဖို့၊ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ကို လိုက်နာဖို့ တောင်းဆိုကြောင်းနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လုံခြုံရေးကောင်စီက ထပ်မံထောက်ခံကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာဝုဒ်ဝပ်ဒ်က မြန်မာစစ်တပ်ရဲ့ အရပ်သားတွေ အပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီး ကျူးလွန်နေတာနဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကို အပြင်းအထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

ပြောရမယ်ဆိုရင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံရဲ့ မြန်မာ့အရေး ပူးတွဲကြေညာချက်ဆိုတာ တံခါးပိတ်အစည်းအဝေးကနေ လုံခြုံရေးကောင်စီကို ကိုယ်စားပြုတဲ့ ဘာကြေညာချက်မှ မထုတ်ပြန်နိုင်တာကြောင့် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ အဖွဲ့ဝင်နိုင်ငံတွေ စုစည်းပြီး ကြေညာချက် ထုတ်ပြန်ခြင်းမျှသာ ဖြစ်ပါတယ်။

တခုတော့ရှိပါတယ်။ အခုထုတ်ပြန်လိုက်နိုင်တဲ့ ပူးတွဲကြေညာချက်ဟာ ၉ နိုင်ငံ ပူးတွဲကြေညာချက် မဟုတ်ဘဲ တံခါးပိတ်အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ဖြစ်လည်း သိပ်ထူးခြားလာမှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထုတ်သမျှ ကြေညာချက်တိုင်းဟာ တောင်းဆိုချက်မျှသာဖြစ်ပြီး မလိုက်နာလည်း ဘာမှမဖြစ်တဲ့ နောက်ဆက်တွဲ အရေးယူမှု မပါတာကြောင့်ပါပဲ။

ဥပမာ- အခု ပူးတွဲကြေညာချက်မှာပါရှိတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးကနေ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ကာ ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံချက်နဲ့ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။ ပြီးတော့ ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ၇၄ နှစ်တာကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေကို တခွန်းတည်း ချုပ်ပြောရရင် စစ်အုပ်စုက အာဏာသိမ်းထားတာကို ချက်ချင်းရုပ်ကာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်အုပ်စုက လုံးဝမလိုက်နာရုံတင်မက လုံခြုံရေးကောင်စီလည်း ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ နေ့စဉ် ပြည်သူကို ပစ်မှတ်ထား အကြမ်းဖက်နေတာ အားလုံးမျက်မြင်ပါပဲ။ ဘာ့ကြောင့် စစ်အုပ်စုက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မလိုက်နာရုံတင်မက မထီမဲ့မြင်ပါ ပြုလုပ်ရဲနေရတာပါလဲ။ ဆုံးဖြတ်ချက်-၂၆၉၉ ကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ နောက်ဆက်တွဲ အရေးယူမှု မပါတာကြောင့်ပါပဲ။

အဲဒါကြောင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်တပ်က မဖြစ်မနေ လိုက်နာဖို့ဆိုရင် အရေးယူမှုတွေပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လိုတယ်လို့ ပြောကြားနေခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေက ဘယ်လိုပဲ လက်သီးလက်မောင်း တန်းနေပါစေ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလရင်ပြင်ထက်ကနေ အသံပြာ အပ်ကြောင်းထပ် ကြိုက်သလောက် တောင်းဆိုနေပါစေ၊ စစ်အုပ်စုကို အရေးယူတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ဖို့ဆိုတာ တော်တော့်ကို မလွယ်လှပါဘူး။ ဘာလို့လဲဆိုတော့ စစ်အုပ်စုဘက်ကနေ ရပ်ခံနေတဲ့ ရုရှားနဲ့ တရုတ်ဟာ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာပိုင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်နေတာကြောင့်ပါပဲ။

လုံခြုံရေးကောင်စီအတွင်း ရုရှားနဲ့ တရုတ်ရဲ့ မြန်မာ့အရေး ရပ်တည်ချက်ကို ကြည့်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းအကြား အရှက်တကွဲဖြစ်ရမယ့် အခြေအနေထိ စစ်အုပ်စုဘက်က ရပ်တည်ပေးခြင်း မရှိပေမဲ့ စစ်အုပ်စုကို လက်တွေ့ထိခိုက်မယ့် အခြေအနေထိ ရောက်အောင်လည်း အလျှော့မပေးတာ တွေ့ရပါမယ်။ အဲဒါကြောင့်လည်း ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာပြီး နောက်ဆက်တွဲ အရေးယူမှုတွေ ထပ်ထွက်မလာခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် နွေဦးတော်လှန်ရေးသာ ပြီးဆုံးသွားမယ်၊ လုံခြုံရေးကောင်စီ လမ်းကြောင်းကနေ စစ်အုပ်စုကို ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ လမ်းမမြင်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာ့အရေး သူတို့ရဲ့ပျက်ကွက်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အာဆီယံမူ ၅ ရပ်ကို ဆုပ်ကိုင်ချင်ယောင်ဆောင်နေသလို အိမ်နီးချင်း တရုတ်ကလည်း စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် မူ ၅ ရပ်ကို လိုသလို ထုတ်သုံးနေကာ ရုရှားကတော့ ပြောင်ပြောင်တင်းတင်း စစ်အုပ်စုကို ထောက်ခံနေပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ တပိုင်းသေနေတာ နွေဦးတော်လှန်ရေး စတင်ကတည်းကပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024