လာမယ့် သမ္မတရွေးကောက်ပွဲမှာ စစ်ဆန့်ကျင်ရေး ကိုယ်စားလှယ်လောင်း ဘော်ရစ် နာဒက်ဇ်ဒင်န်ကို တားမြစ်ဖို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်တာဟာ စည်းကမ်းချက်တွေနဲ့ ကိုက်ညီကြောင်း ဖေဖော်ဝါရီ ၈ ရက်မှာ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။
ဒီမစ်ထရီ ပက်စ်ကို့ဗ်က“ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) ကနေ ကြားသိရတဲ့အတိုင်းဆိုရင် နာဒက်ဇ်ဒင်န်ကို ထောက်ခံထားတဲ့ လက်မှတ်တွေမှာ ချို့ယွင်းချက်တွေ အများကြီး တွေ့ရှိခဲ့ရပြီး လက်မှတ် အတော်များများဟာ မမှန်ကန်ဘူး ဆိုတာကို အသိအမှတ်ပြုခဲ့တာဖြစ်လို့ အရေးကြီးတဲ့စံနှုန်းနဲ့ မကိုက်ညီတာ”လို့ ပြောပါတယ်။
မတ်လ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခြင်းကနေ ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) က သူ့ကိုတားမြစ်ခဲ့ပြီးနောက်မှာ တရားရုံးချုပ်ကို အယူခံဝင်မယ်လို့ နာဒက်ဇ်ဒင်န်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
နာဒက်ဇ်ဒင်န်နဲ့ သူ့မဟာမိတ်တွေက သူ့ကို သမ္မတလောင်းအဖြစ် ထောက်ခံမှုအတွက် စုဆောင်းထားတဲ့ လက်မှတ်တွေထဲမှာ သေဆုံးပြီးသား လူတွေရဲ့ လက်မှတ်တွေ ပါနေတယ်ဆိုပြီး CEC က အရင်က ပြောကြားခဲ့ဖူးပါတယ်။
နာဒက်ဇ်ဒင်န်ဟာ CEC ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနဲ့ ဒါကို ရုရှားတရားရုံးချုပ်မှာ စိန်ခေါ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
အသက် ၆၀ အရွယ် နာဒက်ဇ်ဒင်န်ကို အနိုင်ရမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက သမ္မတ တလှည့် ဝန်ကြီးချုပ်အဖြစ် တလှည့် အာဏာရခဲ့ပြီး နိုင်ငံကို ချုပ်ကိုင်လာတဲ့ အသက် ၇၁ နှစ်အရွယ် ပူတင်ပဲ အောင်ပွဲခံလိမ့်ဦးမယ်လို့ ကြိုတင် ကောက်ချက် ချထားကြတာပါ။
ကရင်မ်လင်ကလည်း နာဒက်ဇ်ဒင်န်ကို လူထုထောက်ခံမှု အပြည့်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ပြောနေကြတဲ့ ပူတင်ရဲ့ အကြိတ်အနယ် စိတ်ပူစရာ ပြိုင်ဘက်အဖြစ် မမြင်ထားကြောင်း ပြောခဲ့ပါတယ်။
နိုင်ငံရေးပါတီတခုကနေ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတယောက် အနေနဲ့ နာဒက်ဇ်ဒင်န် ဟာ မတ်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အနည်းဆုံး ဒေသ ၄၀ မှာ လက်မှတ်ပေါင်း ၁ သိန်း စုဆောင်းရရှိဖို့ လိုအပ်ပါတယ်။
အာဏာရ ယူနိုက်တက် ရုရှား ပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ်ထက် တသီးပုဂ္ဂလအဖြစ် အရွေးခံဖို့ ရွေးချယ်ခဲ့တဲ့ ပူတင်ဟာ လက်မှတ်ပေါင်း ၃ သိန်း လိုအပ်တာဖြစ်ပေမဲ့ သူဟာ ၃ သန်းခွဲကျော် စုဆောင်းရရှိထားပြီးနေပြီ လို့ သူ့ထောက်ခံသူတွေက ပြောနေကြပါတယ်။
Source/Photo-Reuters