ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်တိန်းကျေးရွာမှာ စစ်ကောင်စီစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး ဓာတ်အားလိုင်းထိခိုက် ပြတ်တောက်နေပြီး ပြင်ဆင်ပြီးစီးချိန်ထိ ရက် ၂၀ လောက် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
ဖားကန့် လျှပ်စစ်ရုံးနဲ့ နီးစပ်တဲ့ ဒေသခံတဦးက "နီးစပ်ရာ အလှူရှင်တွေ၊ နီးစပ်ရာ လျှပ်စစ်အားသွင်းလို့ရတဲ့ဆီ သွားသွင်းကြတာပေါ့။ လျှပ်စစ်ရုံးက ပြောတာတော့ ရက် ၂၀ ကျော် ဒါမှမဟုတ် လကုန်မှ ပြန်ရနိုင်မယ်လို့ ပြောတယ်" လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ခံတဦးက "လျှပ်စစ်မီးပျက်တာကြောင့်နေမှာပေါ့။ ဖုန်းဆက်လိုက်ရင် စက်ပိတ်ထားပါသည်တွေချည်းဖြစ်နေတာ။ လက်နက်ကြီးနဲ့ ပစ်နေတဲ့အကြောင်းတွေ တွေ့နေရတော့ စိတ်ပူပေမယ့် အစပိုင်းက အဆက်အသွယ်မရခဲ့ဘူး" လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက သွားရောက်ပြုပြင်နိုင်ဖို့ ကြိုးစားနေပေမယ့် ဓာတ်အားလိုင်းပျက်စီးမှုအခြေအနေ၊ နည်းပညာ၊ စက်ကိရိယာနဲ့ လူအင်အား၊ နယ်မြေအခြေအနေ၊ လုံခြုံရေးအခြေအနေတို့ကြောင့် သွားလာဝင်ထွက် ပြင်ဆင်ဖို့ ခက်ခဲပြီး ကြန့်ကြာမှုရှိနိုင်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်း ပေးပို့တဲ့ ဓာတ်အားလိုင်းက မဟာဓာတ်အားလိုင်းမှူးရုံး (ဝိုင်းမော်)က တာဝန်ယူ ထိန်းသိမ်းထားတဲ့ ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် လိုင်း ဖြစ်ပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် ကုန်တင်ကားတွေ ပိတ်မိတာနဲ့ အတက်အဆင်းကားတွေ ကန့်သတ်မှု ရှိတာကြောင့် ဖားကန့်မြို့မှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတဲ့အပြင် လျှပ်စစ်မီးပါ ပြတ်နေတာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။