Home
မြန်မာသတင်း
၇၇ နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနား အကျဉ်းချုံးကျင်းပ 
DVB
·
February 7, 2024
Shan Natinal Day TaungGyi 1_07022024
Shan Natinal Day Maing Pan 1_07022024
Shan Natinal Day TaChiLeik 1_07022024
Shan Natinal Day LaShoe 1_07022024
Shan Natinal Day SSP-SSA 1_07022024
Shan Natinal Day Lin Khae 1_07022024

ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် ရှမ်းအမျိုးသားနေ့ကို နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေကြောင့် နေရာအတော်များများမှာ မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။ 

ခါတိုင်းနှစ် ဒီလိုနေ့ရက်မျိုးမှာဆိုရင် ရှမ်းပြည်နယ်နဲ့တကွ တခြားပြည်နယ်နဲ့ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေ‌ ရောက်ရှိနေထိုင်ရာဒေသတွေမှာ အခမ်းအနားတွေ၊ တေးဂီတ ဖျော်ဖြေပွဲတွေ စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်တာ၊ တိုက်ပွဲတွေဖြစ်ပွားပြီး လူနေအိမ်တွေ ပျက်စီးကာ စစ်ဘေးရှောင်နေကြရတာတို့ကြောင့်  အခမ်းအနားတွေ ကျင်းပနိုင်ခြင်းမရှိပါဘူး။ 

ရှမ်းပြည်နယ် ဒုတိယမြို့တော် လားရှိုးမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာက မြို့နယ်ရှိ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လတ်တလော တိုက်ပွဲငြိမ်နေပေမယ့် အခြေအနေက စိတ်မချနိုင်သေးသလို တိုက်ပွဲဂယက်တွေ ရှိနေဆဲမို့  ခါတိုင်းနှစ်တွေလို စည်ကားစွာ မကျင်းပဘဲ မိမိရှမ်းအသိုက်အဝန်းမှာသာ မိတ်ဆုံစားပွဲ အကျဉ်းချုံးလုပ်ကြပါတယ်။

ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကလည်း ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ ရပ်မိရပ်ဖအချို့သာခေါ်ပြီး မြို့တော်ခန်းမမှာ အကျဉ်းချုံးသာ ကျင်းပခဲ့တယ်လို့  လားရှိုးဒေသခံတဦးက ပြောပါတယ်။ 

“အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဝဏ်လွှာနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ ပေးပို့တဲ့ သဝဏ်လွှာ ၂ ခုဖတ်ပြတယ်၊  ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံးနေဖို့အကြောင်းတွေ ပါတယ်၊  အကြောင်းအရာက အရင်အတိုင်းပါပဲ၊ အခမ်းအနားက နာရီဝက်လောက်ပဲ ကြာတယ်၊ ဘာမှလည်း မကျွေးဘူး၊ သွားနားထောင်ပြီး ပြန်လာရုံပဲ။”

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးက ၇၇ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကိုတော့  ပြည်နယ်အုပ်ချုပ်ရေးကောင်စီက ကြီးမှူးကာ အဝေရာမီးပုံးပျံကွင်းမှာကျင်းပပြီး  တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းတွေပါ  ဖွင့်လှစ်ပြသထားပါတယ်။ 

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာတော့ စစ်ဘေးရှောင် ပြည်သူတွေဟာ အခုထိကိုယ့်အိမ်ကိုယ့်ရာမှာ အတည်တကျ ပြန်မနေနိုင်သေးတာကြောင့် ပွဲလမ်းသဘင်ဝင်ဖို့ မပြောနဲ့  ရှေ့ဆက် ဘယ်လိုနေထိုင်သွားမယ်ဆိုတာ မသိသေးဘူးလို့ နမ့်ခမ်းမြို့သူတဦးက ပြောပါတယ်။ 

“နမ့်ခမ်းမှာတော့ အရင်က ရှမ်းပြည်နယ်နေ့အခမ်းအနား နှစ်တိုင်း လုပ်တယ်၊ ဒီနှစ်က စစ်ဘေးရှောင်နေရတာလေ။ ပလောင်တပ်ကတော့ အိမ်ပြန်လို့ရပြီလို့ ပြောတာပေါ့။ ဒါပေမဲ့ စစ်ကောင်စီက မြို့ပြန်သိမ်းဖို့ ဗုံးလာကြဲမှာ ကြောက်လို့ မပြန်ရဲဘူး။ တချို့အိမ်တွေ လက်နက်ကြီး ထိပြီး ပျက်စီးနေတာ ပြန်တောင်မပြင်နိုင်သေးဘူး။ ခုချိန်မှာ ပွဲလမ်းသဘင်အကြောင်း ပြောဖို့ နေနေသာသာ ရှေ့ဆက် ဘယ်လိုနေမလဲ မသိဘူး၊ တချို့က တရုတ်ပြည်ဘက် သွားအခြေချနေပြီ။”

RCSS/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် လွိုင်တိုင်းလျန်းမှာဆိုရင် ခါတိုင်းနှစ်တွေက  စစ်ရေးပြ အခမ်းအနားနဲ့ ပြည်သူတွေ၊ နိုင်ငံခြားဧည့်သည်တော်တွေကိုပါ ဖိတ်ကြားပြီး တခမ်းတနား ကျင်းပခဲ့ပေမယ့်  ဒီနှစ်တော့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် တပ်တွင်းမိသားစုထဲမှာပဲ အကျဉ်းချုပ်ကျင်းပခဲ့တယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက ဒီဗွီဘီကို  ပြောပါတယ်။ 

“ခုလက်ရှိ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေကြောင့် အခမ်းအနားကို အရင်လို စည်စည်ကားကား မကျင်းပနိုင်ဘူး။ ဒါပေမဲ့ ဒီကနေ့ဟာ ရှမ်းပြည်နယ်အတွက် အရေးပါတဲ့နေ့ တနေ့ဖြစ်တဲ့အတွက်  အထိမ်းအမှတ်အနေနဲ့တော့  တပ်တွင်းပညာပေး ဟောပြောပွဲ၊ မိတ်ဆုံစားပွဲ အကျဉ်းချုံး လုပ်တယ်၊ ထိန်းချုပ်နယ်မြေထဲက အိမ်တိုင်းလို ရှမ်းအမျိုးသားအလံတွေ လွှင့်ထူပါတယ်။”

နောက်ရှမ်းလက်နက်ကိုင် ၁ ဖွဲ့ဖြစ်တဲ့ SSPP/SSA ကတော့ ၇၇ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့အခမ်းအနားကို  ဌာနချုပ် ဝမ်ဟိုင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ 

အဆိုပါအခမ်းအနားမှာ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဆေးထင်က ရှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လက်ရှိရှမ်းပြည်ရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေကို အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားပါတယ်။ 

အဲဒီနောက် SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားပြီး တက်ရောက်လာသူအားလုံး SSPP မူဝါဒ ၅ ချက် ကြွေးကြော်ခဲ့ကြတယ်လို့  အဖွဲ့အစည်းရဲ့ ပြန်ကြားရေးဌာန လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ 

ရှမ်းအမျိုးသားနေ့နဲ့ ပြည်ထောင်စုနေ့ ဖြစ်တည်ရာအစပြုခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာတော့ ဘာအခမ်းအနားမှ လုပ်တာ မတွေ့ဘူးလို့ ‌ ဒေသခံတွေက ပြောပါတယ်။ 

ရှမ်းအမျိုးသားနေ့ ( Shan National Day) ကို လွန်ခဲ့သော ၇၇ နှစ် (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်) နေ့က ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွားများ (အုပ်ချုပ်သူ) နဲ့ ရှမ်းပြည်သူလူထု (အအုပ်ချုပ်ခံ) တို့ စည်းလုံးညီညွတ်စွာ ရှမ်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ ထူထောင်သွားဖို့ သဘောတူညီမှုရခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့  သတ်မှတ်ခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ ဝါစိမ်းနီနဲ့ အလယ်က လပြည့်ဝန်းအဖြူသင်္ကေတပါ ရှမ်းအမျိုးသားအလံတော်နဲ့  ရှမ်းအမျိုးသားသီချင်းကိုပါ သတ်မှတ်ခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ ရှမ်းပြည်အရေးကို စော်ဘွားနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်ဖို့  ရှမ်းပြည်ကောင်စီ (Shan State Council) ကို ဖွဲ့စည်းခဲ့ပြီး အဲဒီထဲမှာ စော်ဘွားကိုယ်စားလှယ် ၇ ဦးနဲ့ လူထုကိုယ်စားလှယ် ၇ ဦး ပေါင်း  ၁၄ ဦး တို့ ပါဝင်ပါတယ်။ 

ရှမ်းပြည်ကောင်စီထဲမှာ ပလောင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က ဥက္ကဋ္ဌဖြစ်ပြီး ရှမ်၊ ဓနု၊ အင်းသား  စတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေပါ ပါဝင်ပါတယ်။ 

ဒါကြောင့် အဲဒီတုန်းက သတ်မှတ်ခဲ့တဲ့ ရှမ်းအမျိုးသားနေ့၊ ရှမ်းအမျိုးသားအလံ၊ ရှမ်းအမျိုးသား သီချင်းတွေဟာ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။

တော်လှန်ရေးအစိုးရတက်လာပြီး ၁၉၇၄ ခုနှစ်မှာတော့  ရှမ်းအမျိုးသားနေ့လို့ သုံးနှုန်းခြင်းဟာ ရှမ်းလူမျိုးတမျိုးတည်းသာ ကိုယ်စားပြုပြီး ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံးနဲ့ မသက်ဆိုင်သလို ဖြစ်နေတာကြောင့် ရှမ်းပြည်နေ့အဖြစ် ပြောင်းလဲခေါ်ဝေါ် သတ်မှတ်လိုက်ပါတယ်။ ထိုစဉ်က ရှမ်းအမျိုးသားနေ့အခမ်းအနားတွေကို ရှမ်းပြည်နယ်နေ့လို့ ခေါင်းစဉ်တပ်မှသာလျှင် ပွဲမိန့် (ခွင့်ပြုချက်) ပေးပါတယ်။ 

၂၀၀၀ ပြည့်နှစ်က ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS/SSA ဌာနချုပ်လွိုင်တိုင်းလျန်းမှာ စတင်ကျင်းပခဲ့တဲ့ ရှမ်းအမျိုးသားနေ့ အခမ်းအနားမှာ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့နေ့အနေနဲ့  Shan State National Day (ရှမ်းပြည်အမျိုးသားနေ့) လို့ ခေါင်းစဉ်တပ်ပြီး နှစ်စဉ်မပြတ် ကျင်းပခဲ့ပါတယ်။ 

ရှမ်းအမျိုးသားနေ့အခမ်းအနားတွေကို အစိုးရက ဦးဆောင်ကျင်းပတဲ့‌နေရာမှာ ရှမ်းပြည်နယ်နေ့ ဟူ၍လည်းကောင်း၊   ရှမ်းဒေသနဲ့  တခြားပြည်နယ်နဲ့ တိုင်းရောက်ရှမ်းတိုင်းရင်းသားတွေ၊ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေကတော့ မူရင်းအမည်နာမ ဖြစ်တဲ့  ရှမ်းအမျိုးသားနေ့ဆိုတဲ့ ခေါင်းစဉ်နဲ့လည်းကောင်း လွတ်မြောက်နယ်မြေ (တော်လှန်ရေးနယ်မြေ) တွေမှာတော့ ရှမ်းပြည်အမျိုးသားနေ့လို့ ခေါင်းစဉ်တပ်ပြီး  ကျင်းပကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024